ဝါရှင်တန်၊ သြဂုတ် ၁၂

အမေရိကန် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုင်း အော်စတင်က ပဲ့ထိန်း ဒုံးကျည်တပ် ရေငုပ်သင်္ဘော တစ်စီးကို အရှေ့အလယ်ပိုင်းမှာ ချထားရေး ညွှန်ကြားထားပါတယ်။

ယူအက်စ်အက်စ် အေဗရာ ဟန်လင်ကွန်း လေယာဉ်တင်သင်္ဘော ပါဝင်တဲ့ တိုက်ခိုက်ရေး ရေယာဉ်အုပ်စုကိုလည်း အဲဒီဒေသဆီကို ပိုပြီး မြန်မြန်ဆန်ဆန် သွားရောက်ရေး ဝန်ကြီး အော်စတင်က ညွှန်ကြားထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁၁ ရက်မှာ ပြောကြားထားပါတယ်။

ဘေရွတ်မြို့မှာ ဟစ်ဇဘိုလာ အဖွဲ့ အကြီးတန်း တပ်မှူး တစ်ဦး လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီး တီဟီရန်မြို့မှာ ဟားမာ့စ်အဖွဲ့ရဲ့ နိုင်ငံရေး ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အရှေ့ အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်နေချိန် အမေရိကန်က စစ်အင်အား တိုးမြှင့်ချထားတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အခြား မဟာမိတ်တွေက တင်းမာမှု လျှော့ချရေး အစ္စရေးနဲ့ ဟားမာ့စ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိစေဖို့ တွန်းအားပေးနေကြပါတယ်။

လုပ်ကြံသတ်ဖြတ်မှုတွေ အတွက် အီရန်နဲ့ ဟစ်ဇဘိုလာတို့က လက်စားချေ တိုက်ခိုက်လာနိုင်ခြေကို တာဝန်ရှိသူတွေက လေ့လာနေပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး ဂေါလန့်နဲ့ ဝန်ကြီး အော်စတင်တို့ စောစောပိုင်း တစ်ရက်က ဆွေးနွေးပြီး အစ္စရေးကို အမေရိကန်က ကာကွယ်ပေးရေး ထပ်မံ ကတိပြုခဲ့ကြောင်း ပင်တဂွန် ပြန်ကြားရေး အရာရှိ ဗိုလ်မှူးချုပ် ပတ် ရိုက်ဒါက ပြောကြားပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ ချထားခဲ့တဲ့ လေယာဉ်တင်သင်္ဘော လင်ကွန်းကို အရှေ့ပိုင်းဒေသသို့ စေလွှတ်ထားပြီး ယူအက်စ်အက်စ် သီယိုဒေါ ရုစဗက် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး ရေယာဉ်အုပ်စု နေရာမှာ အစားထိုးချထားဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

လင်ကွန်း လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေယာဉ် အုပ်စုဟာ ယခုလကုန်ပိုင်းမှာ အရှေ့အလယ်ပိုင်းသို့ ရောက်ရှိမှာ ဖြစ်ကြောင်း ဝန်ကြီး အော်စတင်က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားခဲ့ပါတယ်။

အဲဒီ လေယာဉ်တင် သင်္ဘောပေါ်မှာ F-35 တိုက်လေယာဉ်တွေ အပြင် F/A-18 တိုက်လေယာဉ်တွေပါ ပါရှိကြောင်း သိရပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.