တီဟီရန်၊ သြဂုတ် ၁၀

တီဟီရန်မြို့မှာ ဟားမာ့စ်ခေါင်းဆောင် တစ်ဦးကို လုပ်ကြံသတ်ဖြတ်မှု အတွက် အစ္စရေးကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဒုတိယအကြီးအကဲက သြဂုတ် ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

အီရန်ထိပ်တန်း ခေါင်းဆောင်က အာဇာနည် အစ္စမေးလ် ဟာနီယာရဲ့ သွေးအတွက် အစ္စရေးကို ပြင်းပြင်းထန်ထန် အပြစ်ပေးရေးနဲ့လက်စားချေရေး ညွှန်ကြားချက်ဟာ ရှင်းလင်း ပြတ်သားပြီး မိမိတို့အနေနဲ့ အကောင်းဆုံး နည်းလမ်းနဲ့ အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်း စစ်တပ် ဒုတိယ အကြီးအကဲ အလီ ဖာဒါဗီက ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက်မှာ ဟာနီယာ လုပ်ကြံသတ်ဖြတ်ခံရမှုဟာ အစ္စရေးရဲ့ လက်ချက် ဖြစ်တယ်လို့ အီရန်နဲ့ သူ့ရဲ့ မဟာမိတ် ဟားမာ့စ် အဖွဲ့တို့က စွပ်စွဲထားပါတယ်။အစ္စရေးက သူတို့လက်ချက်ပါလို့ မပြောသလို ငြင်းဆိုတာမျိုးလည်း မရှိခဲ့ပါဘူး။

ဟာနီယာ သတ်ဖြတ်ခံရမှုကြောင့် ဂါဇာမှာ အစ္စရေးနဲ့ ဟားမာ့စ်အဖွဲ့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံးကို ပျံ့နှံ့သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

အီရန် စစ်တပ် ဒုတိယအကြီးအကဲ ဖာဒါဗီရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဒေသတွင်းရှိ အရင်းအမြစ်တွေ အများကြီးနဲ့ အတူ မိမိတို့က အစ္စရေးကို ကာကွယ်ပေးသွားမယ်လို့ ပြောပါတယ်။

သူ့ရဲ့ ပြောဆိုမှုတွေကို မိမိတို့ အလေးအနက်ထားပြီး အစ္စရေးကို အမေရိကန်က ကာကွယ်ပေးဖို့ အသင့်ရှိတယ်လို့ ပြောခွင့်ရ ဂျွန်ကာဘီက ပြောပါတယ်။

ဟာနီယာကို အစ္စရေးက လုပ်ကြံသတ်ဖြတ်မှု အတွက် တီဟီရန်ရဲ့ တုံ့ပြန်မှုဟာ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ကြိုးပမ်းမှုတွေနဲ့ လုံးဝဆက်စပ်မှု မရှိတဲ့ ကိစ္စဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်က သြဂုတ် ၉ ရက်မှာ ပြောကြားထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.