ကွတ်ခိုင်၊ ဩဂုတ် ၆

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဩဂုတ် ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဩဂုတ် ၅ ရက် ညနေ ၃ နာရီအချိန်ခန့်မှာ ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင် စီက ပေါင် ၅၀၀ ဗုံးအသုံးပြုကာ ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ လေးကြိမ်ထက်မနည်းဗုံးကြဲတိုက် ခိုက်ခဲ့တာပါ။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့လယ်လမ်းဆုံ၊ မြို့မဈေးနဲ့ မြို့အတွင်းနေရာတွေကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသား ၃ ဦးနဲ့ မြို့လယ်ရှိ ဒေသခံ အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲသလို ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဆိုထားပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် မြို့အတွင်းရှိ နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သလို မြို့မဈေးရှိ ဆိုင်ခန်းတချို့လည်း မီးလောင်သွားကာ PSLF/TNLA ရဲ့ ကွတ်ခိုင်မြို့နယ်မီးသတ်တပ်ဖွဲ့မှ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် MNDAA အုပ်ချုပ်ထားတဲ့ သိန္နီမြို့မှာလည်း ဇူလိုင်လအတွင်းက စစ်ကောင်စီရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့သလို လောက်ကိုင်မှာလည်း မကြာခဏ လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့ကလည်း တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ စဉ့်ကူးမြို့နယ်က ရွာနှစ်ရွာ မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.