ဖာပွန်၊ သြဂုတ် ၆

ကော်သူးလေအုပ်ချုပ်နယ်မြေ ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေ ကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကနေ ၃၁ ရက်အထိ ၁ လတာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အ ကြား တိုက်ပွဲပေါင်း ၁၀၁ ကြိမ်ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၅၂ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အဆောက်အဦး ၂ လုံး ထိခိုက်ပျက်စီးသွားခဲ့ပြီး မြင်း ၂ ကောင်လည်း သေဆုံးသွားခဲ့သလို တိုက်ပွဲတွေအတွင်း KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ ဖော်ပြထားပါတ်။

ဒီလို တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေသာ ရိက္ခာတွေ ချပေးတာကို လုပ်ဆောင်နိုင်တော့ကာ လက်နက်ကြီးနဲ့ လေကြောင်းတို့ကနေ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်တွေထဲ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အကြိမ်ရေများစွာ လုပ်ဆောင်ခဲ့တယ်လို့ KNU ဗဟိုက ဆိုပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့ကို KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးတဲ့နောက် မြို့တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းနဲ့ တပ်ရင်းစခန်းတွေကို ဆက်လက်ထိုးစစ်ဆင်ပိတ်ဆို့တိုက် ခိုက်မှုတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ရဲ့ ပိတ်ဆို့တိုက်ခိုက်ခဲ့မှုကြောင့် ဖာပွန်မြို့အနီးရှိ စစ်ကောင်စီတပ်ရဲ့ ခလရ ၁၉၊ စစန ၆၄၂၊ ခမရ ၄၃၄ တပ်ရင်းတို့ကို သိမ်းပိုက်ရရှိထားခဲ့ပြီး ကျန်ရှိနေတဲ့ ဖာပွန်စစ်ဗျူဟာနဲ့ ခမရ ၃၄၀၊ ၃၄၁ တပ်ရင်းတို့ကို ဆက်လက်ဝိုင်းရံပိတ်ဆို့တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာပါ။

ဒါ့အပြင် တပ်မဟာ ၅ နယ်မြေအတွင်းရှိ ထိုင်းနယ်စပ်နဲ့ထိစပ်တဲ့ စစ်ကောင်စီတပ်ရဲ့ ကျောက်ညှပ်၊ ကဟီးကျိုး၊ မောရစ်ကျိုးအပါအဝင် စစ်တပ်စခန်း ၁၅ ခုကို ပြန်လည်သိမ်းပိုက်ရရှိထားပြီး သံလွင်မြစ်ကြောင်းတလျှောက်ရဲ့ နယ်မြေအလုံးစုံ ပြန်လည်သိမ်းပိုက်ထားတယ်လို့ KNLA ဗဟိုက ထုတ်ပြန်အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.