ကိဗ်၊ သြဂုတ် ၅

အမေရိကန်နိုင်ငံထုတ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေကို ပထမဆုံး အကြိမ် လက်ခံရရှိပြီ ဖြစ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။

“အက်ဖ်-၁၆ တွေ ယူကရိန်းကို ရောက်နေပြီ။ ငါတို့ လုပ်နိုင်ခဲ့ပြီ” လို့ သမ္မတ ဇီလန်စကီးက အမည်ဖော်ပြမထားတဲ့ လေတပ်အခြေစိုက် စခန်း တစ်ခုမှာ ပြုလုပ်ခဲ့ အခမ်းအနားအတွင်း တိုက်လေယာဉ် နှစ်စီး ဘေးမှာထားပြီး ပြောဆိုခဲ့တာပါ။

အခုလို အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ပေးပို့ ကူညီမှုအတွက် မဟာမိတ်တွေကို ကျေးဇူးတင်ကြောင်း၊ မိမိတို့အနေနဲ့ နောက်ထပ် အများကြီး လိုအပ်ဦးမှာ ဖြစ်ကြောင်း သမ္မတ ဇီလန်စကီးက ပြောကြားထားပါတယ်။

ဆိုဗီယက်ခေတ် တိုက်လေယာဉ် အဟောင်းတွေကိုပဲ အားကိုးနေရတဲ့ ယူကရိန်းအတွက် အခုလို အက်ဖ်-၁၆ တိုက်လေယာဉ်တွေဟာ လေတပ် အားဖြည့်ရေးမှာ အရေးကြီးတဲ့ အကူအညီ ဖြစ်ပါတယ်။

ယူကရိန်းက အက်ဖ်-၁၆ တိုက်လေယာဉ်တွေ တောင်းဆိုထားတာ ကြာပြီ ဖြစ်ပေမယ့် မောင်းနှင်ရေးအတွက် လုံလောက်တဲ့ လေ့ကျင့်ပြီးသား လေယာဉ်မှူးတွေ မရှိသေးဘူးလို့ သမ္မတ ဇီလန်စကီးက ဝန်ခံ ပြောဆိုထားပါတယ်။

သူက ဒိန်းမတ်၊ နယ်သာလန်နဲ့ အမေရိကန်တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားပေမယ့် တိုက်လေယာဉ်တွေ အားလုံးကို အဲဒီနိုင်ငံတွေက ပေးပို့လိုက်တာလား ဒါမှမဟုတ် ယူကရိန်းကို ဘယ်နှစ်စီး ရောက်လာတာလဲ ဆိုတာ အသေးစိတ် မပြောထားပါဘူး။

ယူကရိန်းကို ကူညီလိုတဲ့ ဥရောပမဟာမိတ်တွေ အနေနဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ပေးပို့နိုင်ကြောင်း ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ အမေရိကန်က ခွင့်ပြုခဲ့ပြီးနောက် နေတိုး မဟာမိတ်နိုင်ငံတွေက အက်ဖ်-၁၆ တိုက်လေယာဉ် ၆၅ စီး ပေးပို့ဖို့ ကတိပြုထားကြတာပါ။

အက်ဖ်-၁၆ တိုက်လေယာဉ်တွေကို ၁၉၇၈ ခုနှစ်မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အနောက်တိုင်း စစ်တပ်တွေ အများကြီးက သူတို့ရဲ့ သက်တမ်းရင့်နေပြီ ဖြစ်တဲ့ တိုက်လေယာဉ်တွေနေရာမှာ ၂၀၁၅ အမေရိကန်ထုတ် အက်ဖ်-၃၅ တိုက်လေယာဉ်တွေနဲ့ အစားထိုးဖို့ ပြင်ဆင်နေကြပါတယ်။

ဒုံးကျည်တွေ ဗုံးတွေ သယ်ဆောင်နိုင်တဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ရရှိသွားတဲ့ ယူကရိန်းအနေနဲ့ သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေထဲကို အတွင်းကျကျ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

ရုရှားရဲ့ ကရင်မလင် ပြန်ကြားရေး အရာရှိ ဒီမီထရီ ပက်စကော့ကတော့ ယူကရိန်း အတွက် ပျံသန်းမယ့် အနောက်တိုင်းထုတ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေကို ပစ်ချသွားမယ်လို့ ကြွေးကြော်ထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.