လောင်းလုံး၊ ဩဂုတ် ၆

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီသားတွေ အချင်းချင်းအပြန်အ လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင် အားစုတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက် ည ၁၁ နာရီအချိန်ခန့်က လောင်းလုံးမြို့မရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်သားတွေ အချင်းချင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်ဟာ သြဂုတ် ၁ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေဟာ မြို့ထဲက အိမ်တွေကို ဧည့်စာရင်းအကြောင်းပြပြီး တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ရောက်စစ်ဆေးရာမှ နေအိမ်တွေမှ တန်ဖိုးရှိပစ္စည်းတွေဖြစ်တဲ့ ရွှေငွေနဲ့လက်ကိုင်ဖုန်းတွေကို သိမ်းယူသွားခဲ့တာပါ။

အဲ့ဒီနောက် ဩဂုတ် ၂ ရက်နေ့ ညပိုင်းမှာ အဲ့ဒီပစ္စည်းတွေကို ခွဲဝေယူရာမှ အချင်းအချင်း ပြဿနာဖြစ်ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံကလည်း စုံစမ်းသိရှိထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြတာပါ။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စုံစမ်းမှုတွေအရ အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့သလို ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရဲစခန်းနဲ့ ထွေအုပ်ရုံးထဲကို လူနာတင်ကားတွေ ဝင်ရောက်လာပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့တဲ့အရေအတွက် အတိအကျကို မသိရပေမယ့် ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီဖြစ်စဉ်အတွင်း လောင်းလုံးမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ လောင်းလုံးမြို့ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ကလည်း လောင်းလုံးမြို့ရဲစခန်းမှာ စစ်ကောင်စီတပ်သား အချင်းအချင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.