မော်လမြိုင် ၊ ဩဂုတ် ၆

အာဏာသိမ်း စစ်ကောင်စီဟာ ရှေ့တန်းရောက် တပ်မတော်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအ တွက်ဆိုပြီး စားသောက်ဖွယ်ရာတွေ လှူဒါန်းပေးကြဖို့ လက်အောက်ခံ ဌာနဆိုင်ရာအသီးသီးကို အ တင်းအကျပ်ဖိအားပေးနေတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံအနှံ့ ခုခံတော်လှန်စစ်တွေကြောင့် စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ရှေ့တန်းရောက် စစ်သားတွေကို လှူဒါန်းနိုင်ဖို့အတွက်ဆိုကာ မိမိတို့ ဒေသထွက်ကုန်တွေအပြင် စားကုန်သောက်ကုန်တွေကို ဌာနအလိုက် ဖိအားပေးတောင်းခံနေတာပါ။

စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ တိုက်ပွဲတွေတိုင်းမှာ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများပြားလာတာ၊ လက်နက်ချမှုတွေ ရှိနေတာကြောင့် ဌာနဆိုင်ရာတွေက သူတို့ကို ထောက်ခံအား ပေးတဲ့ပုံစံမျိုး စိတ်ဓာတ်မြှင့်တင်နိုင်အောင် ကြိုးပမ်းလာတာပါ။

CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ စစ်ရှုံးနေတဲ့အပေါ် ဝါဒဖြန့်ချီမှု တစ်ခုသာဖြစ်ပြီး ပြည်သူ့ထောက်ခံမှု မရတာကြောင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးမှုက သက်သေပြနေတယ်လို့ ဝေဖန်ပါတယ်။

“အဓိကတော့ လက်ရှိစစ်ရှုံးနေတဲ့အပေါ်မှာ သူတို့ရဲ့ ဝါဒဖြန့်ချီရေးတစ်ခုလုပ်တာလို့ ကျွန်တော်က တော့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ရှေ့တန်းစစ်မြေပြင်မှာ သူတိုစစ်တပ်က ပြည်သူ့ထောက်ခံမှုမရဘဲနဲ့ တိုင်းစစ်ဌာနချုပ်တွေ ကျရှုံးတဲ့အထိဖြစ်နေတာ ဒါကအဓိကအချက်ပဲပေါ့။ အဲဒီတော့ စစ်ရှုံးရခြင်းအကြောင်းအရင်းထဲမှာ ပြည်သူ့ထောက်ခံမှုမရဘူးဆိုတဲ့ဥစ္စာတစ်ခုက အဓိကအ ချက်အလက်ပဲ။ အဲဒီတော့ ဒါကိုသူတို့ ပြည်သူတွေကနေပြီးတော့ ဒီလိုမျိုး လုပ်ပေးနေတယ်ဆိုတဲ့ ပုံစံမျိုးပေါက်အောင် သူတို့အနေနဲ့ ဝါဒဖြန့်ချိတဲ့ သဘောတရားတစ်ခုပါပဲ။ ဒါပေမယ့် ဒီဝါဒဖြန့်ချိမှုက အောင်မြင်တဲ့ ဝါဒဖြန့်ချီမှုတစ်ခုမဟုတ်ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ဌာနဆိုင်ရာအပါအဝင် ပြည်သူတွေကပါ သူတို့ရဲ့ စစ်သားတွေကို စိတ် ဓာတ်တက်ကြွအောင် စားကုန်သောက်ကုန်တွေ လှူဒါန်းတယ်ဆိုပြီး ဝါဒဖြန့်ချီနေပေမယ့် ပြည်သူတွေရဲ့ ထောက်ခံမှုမရတာကြောင့် လက်တွေ့ မဖြစ်နိုင်ဘူးလို့ သူကဆက်ပြောပါတယ်။

CDM ဝန်ထမ်းတစ်ဦးကလည်း စစ်ကောင်စီဟာ ဝန်ထမ်းတွေကို ဖိအားပေးတာများသလို လက်ရှိ ကျပ်တည်းနေတဲ့ကာလမှာ ဝန်ထမ်းတွေကို သူတို့ရဲ့ စစ်သားတွေအတွက် လှူဒါန်းခိုင်းမှု မသဒ္ဓါရေ စာ ပေးနေရသလိုဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“Non CDM ဝန်ထမ်းတွေက အခုက ဖိအားတအားများတယ်။ သူတို့တွေ လုပ်ရကိုင်ရတာလေ၊ နောက်ပြီးတော့ လစာကလည်းမလောက်။ သူတို့ ထပ်ပေးတဲ့ ထပ်ဆောင်းပေးငွေကလည်း ဘယ် လောက် ထပ်ပေးပေးလည်း မလောက်။ အဲဒီကြားထဲမှာပေါ့နော် ဒီလူထုကနေပြီးတော့ အယုံအ ကြည်မရှိတော့တဲ့ ဒီစစ်တပ်ရဲ့ သူတို့ရဲ့ ရှေ့တန်းရောက်တွေကို အရင်တုန်းကလို လက်ဆောင်ပစ္စည်းပေးတယ်။ လှူဒါန်းငွေပေးတယ်။ ဒါမျိုးတွေက အရင်တုန်းက စေတနာရှိလို့ ပေးခဲ့ကြတာ။ အခုခေတ်ကတော့ စားဝတ်နေရေးကျပ်တည်းရတဲ့ ကြားထဲမှာ ဒီလိုမျိုး တစ်လုပ်တစ်ဆုပ်ကို ဖဲ့ပြီးတော့ သူတို့အယုံအကြည် မရှိတဲ့အချိန်မှာဆိုရင် ပေးရတဲ့ဟာက မသဒ္ဓါရေစာကို ပေးနေရသလို ဖြစ်နေမှာပေါ့”လို့ ပြောပါတယ်။

ဒါ့အပြင် အရင်က ဌာနဆိုင်ရာဝန်ထမ်းတွေဟာ မိမိတို့နဲ့ သက်ဆိုင်တဲ့ ဌာနလုပ်ငန်းတွေကိုသာ လုပ် ဆောင်ခဲ့ရာမှ လက်ရှိမှာတော့ ဌာနနဲ့မသက်ဆိုင်တဲ့ စစ်တပ်အတွက်ပါ လုပ်ပေးနေရတာဟာ မဖြစ်သင့်ဘူးလို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ ဌာနဆိုင်ရာတွေကို သူတို့ရဲ့ စစ်သားတွေအတွက် မဖြစ်မနေလှူဒါန်းဖို့ ဖိအားပေးတာကြောင့် ဌာနဆိုင်ရာတွေက သူတို့ကိုယ်တိုင် မလှူဒါန်းဘဲ လုပ်ငန်းရှင်တွေကို ခေါ်ယူပြီး အလှူခံတာတွေရှိတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

ခုခံတော်လှန်စစ်တွေကြောင့် တိုက်တိုင်းရှုံးဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ ရှေ့တန်းရောက်စစ်သားတွေကို ဌာနဆိုင်ရာတွေနဲ့ ပြည်သူတွေက စားသောက်ဖွယ်ရာတွေ နေ့တိုင်းနီးပါးလှူဒါန်းနေတယ်ဆိုပြီး သူတို့ထိန်းချုပ်ထားတဲ့ ဝါဒဖြန့်သတင်းစာတွေကနေ နေ့စဉ်နီးပါး ဝါဒဖြန့်တာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.