လားရှိုး ၊ ဩဂုတ် ၆

မြန်မာစစ်တပ်ရဲ့ အစဉ်အလာကြီးခဲ့တဲ့ ရှမ်းမြောက်က နေဝန်းနီအမှတ်တံဆိပ်နဲ့ လားရှိုးအခြေစိုက် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာတော့ သမိုင်းဝင်ကျဆုံးခဲ့ရပါတယ်။

MNDAA ပူးပေါင်းအဖွဲ့တွေက ဇူလိုင် ၃ ရက်နေ့မှာ လားရှိုးမြို့ အနီးတဝိုက်ရှိ စစ်ကောင်စီတပ်စ ခန်းတွေကို စစ်ရေးဖော်ဆောင်ခဲ့ပြီး ဩဂုတ် ၃ ရက်နေ့မှာတော့ ရမခ တိုင်းစစ်ဌာနချုပ်ကို အပြည့် အဝသိမ်းပိုက်နိုင်ခဲ့ပြီလို့ ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က လားရှိုးအခြေစိုက် ရမခ တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်တာဟာ ပြီးပြည့်စုံတဲ့ အောင်ပွဲရရှိခဲ့တာလို့ ဆိုပါတယ်။

CDM လေတပ်တပ်ကြပ်ကြီး ဇေယျကတော့ နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရှိတဲ့ တိုင်းစစ်ဌာန ချုပ်တစ်ခုကို ကျအောင်တိုက်နိုင်တဲ့အတွက် တော်လှန်နေတဲ့အဖွဲ့တွေရဲ့ စိတ်ထဲမှာ ရှေ့ဆောင်လမ်း ပြဖြစ်သွားပြီလို့ သုံးသပ်ပါတယ်။

“နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရှိတဲ့ တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုကို ကျအောင်တိုက်နိုင်တယ်ဆိုတော့ ကျန်တဲ့တော်လှန်နေသူတွေ တော်လှန်နေတဲ့အဖွဲ့တွေရဲ့ စိတ်ထဲမှာ လုံးဝရှေ့ဆောင်လမ်းပြဖြစ်သွားပြီ။ နောက်စံပြဖြစ်သွားပြီ။ ငါတို့လည်း ဒါမျိုးရအောင်လုပ်မယ်။ ရတယ်ဆိုတဲ့ အတွေးမျိုးဝင်သွားပြီ။ အဲဒီတော့ စစ်တပ်အနေနဲ့ လုံးဝတော်လှန်ရေးအဖွဲ့တွေကို အမြစ်ဖြတ်ချေမှုန်းဖို့ဆိုတာလုံးဝ မဖြစ်နိုင်တော့ဘူး”လို့ ဆိုပါတယ်။

စစ်တပ်မှာ စစ်တိုင်းဒေသကြီး ၁၄ ခု ရှိတဲ့ထဲက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာ အစဉ်အလာကြီးမားတဲ့ စစ်တိုင်းကြီးဖြစ်သလို မြေပြင်တိုက်ပွဲတွေမှာလည်း စစ်တိုက်အရဆုံး တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ပါတယ်။

ဒီလိုမျိုး တိုင်းစစ်ဌာနချုပ်ဟာ စစ်ကောင်စီပြောတဲ့ ပြည်ပကူမင်တန်ကျုးကျော်စစ်နဲ့ ဗမာပြည်ကွန် မြူနစ်ပါတီရဲ့ ကျုးကျော်စစ်တွေကို အကြိမ်ကြိမ်ရိုက်ချိုးခဲ့ပေမယ့် ၁၀၂၇ စစ်ဆင်ရေးမှာတော့ နိဂုံး ချုပ်ခဲ့ရပါတယ်။

စစ်ကောင်စီကို တော်လှန်နေတဲ့ ကရင်အဖွဲ့ KNU ၊ ကရင်နီအဖွဲ့KNPP နဲ့ ချင်းအဖွဲ့ CNF တို့ကတော့ ရမခတိုင်းစစ်ဌာနခုချုပ် ကျဆုံးမှုအပေါ် လွန်စွာအားရဝမ်းသာကြောင်း ဩဂုတ် ၄ ရက်နေ့မှာ သ ဘောထား ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးကတော့ စစ်တပ်မောက်မာဝင့် ကြွားလေ့ရှိတဲ့ ရမခစစ်တိုင်းဟာ မထင်မှတ်ဘဲကျသွားတဲ့အတွက် ကျန်တဲ့စစ်တိုင်းကြီးတွေလည်း တဖြုတ်ဖြုတ်နဲ့ ပြိုလဲတော့မယ့် အနေအထားလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့ တော်တော်အားခဲထားတဲ့ နောက်ပြီးမောက်မာဝင့်ကြွားလေ့ရှိတဲ့ အင်မတန်တောင့်တင်းခိုင်မာတဲ့ စစ်တိုင်းကြီး ၁၄ ခုထဲက တစ်ခုဖြစ်တဲ့ ရမခစစ်တိုင်းကြီးက အခုဆိုလုံးဝမထင်ဘဲ တစ်လတောင် မပြည့်ဘူးဆိုတဲ့အနေအထားမှာ ကျသွားတယ်ဆိုတကည်းက ကျွန်တော်တို့မြင်တာ ကျန်တဲ့စစ်တိုင်းကြီးတွေလည်း ဒိုမိနို Effect လိုပဲ ဒါကတစ်စစီ တစ်ဖြုတ်ဖြုတ်နဲ့ ပြိုလဲတော့မယ်ဆိုတာ ဆင့်ကဲဆင့်ကဲဖြစ်စဉ်တွေက ဖြစ်ပေါ်လာမယ်ဆိုတာ ကျွန်တော်တို့ သေချာမြင်နေရတဲ့ အနေအ ထားမှာ ရှိနေပါပြီ”လို့ ဆိုပါတယ်။

ဩဂုတ် ၄ ရက်နေ့မှာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေအရ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်အပါအဝင် စစ်ဗိုလ်အရာရှိကြီး သုံးဦးတို့ကို MNDAA က အရှင်ဖမ်းမိထားတာပါ။

တစ်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ၄၇၀၀ ကျော်ကလည်း လက်နက်ချအညံ့ခံခဲ့တယ်လို့ ဒေသတွင်းအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်ကတော့ ထောင်ချီလက်နက်ချအညံ့ခံသူတွေဟာ ဗိုလ်ချုပ်တွေကို ကာကွယ်ပေးလိုစိတ်မရှိတော့သလို စစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင်ကလည်း တပ်သားနဲ့ မိသားစုဝင်တွေကို ကွပ်ကဲပြီး မတိုက်နိုင်တာလို့ ဝေဖန်ပါတယ်။

“ဒီ ၄၇၀၀ လည်းပဲ ဗိုလ်ချုပ်တွေကို ကာကွယ်ပေးလိုစိတ်တွေ မရှိတော့ဘူး။ အဓိက Standard Army မှာ ဖြစ်သွားတာ အဲဒါပဲ။ ဘာဖြစ်လို့လဲ ဒီဗိုလ်ချုပ်သုံးယောက်က လူအင်အား ၄၇၀၀ မှာ စစ် တိုက်နိုင်တာ အနည်းဆုံးတစ်ထောင်တော့ ရှိရမယ်။ လက်နက်တစ်ထောင်ဆိုတာလည်း မရှိစရာအကြောင်းမရှိဘူး။ ဘာလို့ဆို ဘေးနားမှာ အမှတ် ၂၄၂ စစ်လက်နက်ပစ္စည်းတပ်ခွဲရှိတယ်။ သူတို့မှာ တပ်အရံ လက်နက်ခဲယမ်းတွေလည်း ရှိပြီးသား။ ခဲယမ်းမလောက်လို့လည်း မဟုတ်ဘူး။ ဒီစစ်ဗိုလ်ချုပ်တွေကိုယ်တိုင်ကပဲ ကျန်တဲ့တပ်သားနဲ့ မိသားစုဝင်တွေကို ကွပ်ကဲပြီး မတိုက်နိုင်တာ တစ်ခုပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရမခတိုင်းစစ်ဌာနချုပ် ကျဆုံးတာကို ဝန်ခံပြီး တပ်ဖွဲ့ဝင်တွေအနေနဲ့ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြတာကို အသိအမှတ်ပြုတယ်လို့ ဩဂုတ် ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတိုက်ပွဲအတွင်း တိုင်းစစ်ဌာနချုပ်တစ်ခု ပထမဆုံးအရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

စစ်ရေးအကဲခတ်တွေကတော့ တိုင်းစစ်ဌာနချုပ်တစ်ခု ကျဆုံးမှုဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေ အမြစ်ဖြုတ်ချင်နေတဲ့ စစ်အာဏာရှင်စနစ်ကြီး ပြိုလဲဖို့ နိဒါန်းရဲ့အစကို ရောက်လာပြီလို့ ထောက်ပြကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MNDAA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.