ဒါကာ ဩဂုတ် ၅

ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာဟာ လူသေဆုံးမှုတွေရှိခဲ့ပြီး သီတင်းပတ်နဲ့ချီ ဖြစ်ပေါ်နေခဲ့တဲ့ ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် တိုင်းပြည်ကနေ ဩဂုတ် ၅ ရက်မှာ ထွက်ပြေးသွားတာကြောင့် သူ့ရဲ့ ၁၅ နှစ်ကြာ အုပ်ချုပ်မှု အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။ စစ်တပ်က ကြားဖြတ် အစိုးရဖွဲ့စည်းပေးမယ်လို့ ကြေညာထားပါတယ်။

ဝန်ကြီးချုပ် ဟာဆီနာဟာ သူ့အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံတဝန်းက ဆန္ဒပြမှုတွေကို ပြီးခဲ့တဲ့ဇူလိုင်လဆန်းပိုင်းကစလို့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဩဂုတ် ၄ ရက်နေ့မှာ ဆူပူအုံကြွမှုတွေကြောင့် လူ ၁၀၀ နီးပါး သေဆုံးခဲ့ရပြီးတဲ့နောက် တိုင်းပြည်ကနေ အခုလို ထွက်ပြေးသွားခဲ့တာလည်း ဖြစ်ပါတယ်။

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝါကာ အက် ဇာမန်းက အသက် ၇၆ နှစ်အရွယ် ဝန်ကြီးချုပ် ဟာဆီနာဟာ တိုင်းပြည်ကနေ ထွက်ပြေးသွားပြီ ဖြစ်ပြီး ကြားဖြတ်အစိုးရတစ်ရပ်ကို မကြာခင် ဖွဲ့စည်းပေးမှာ ဖြစ်တယ်လို့ ရုပ်သံကနေ ကြေညာပါတယ်။ ကြားဖြတ်အစိုးရကို သူဦးဆောင်မှာလားဆိုတာတော့ ရှင်းရှင်းလင်းမရှိရသေးပေမယ့် ဗိုလ်ချုပ်ကြီး ဝါကာကတော့ “ကျနော် တာဝန်အပြည့်အဝ ယူပါ့မယ်” လို့ ပြောဆိုခဲ့တာပါ။

သူက “တိုင်းပြည်က တော်တော်လေးကို နာကျင်ခံစားရခဲ့ပြီးပါပြီ။ စီးပွားရေးကလည်း တော်တော်လေးကို ထိခိုက်ခဲ့ရပါပြီ။ လူတော်တော်များများလည်း သေကြေခဲ့ရပြီးပါပြီ။ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ အချိန်ရောက်ပါပြီ။ ကျနော့် မိန့်ခွန်းအပြီးမှာ အခြေအနေတွေက တိုးတက်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။” လို့ ပြောဆိုခဲ့တာပါ။

ဝန်ကြီးချုပ် ဟာဆီနာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ ဝန်ကြီးချုပ်ဟာ သူ့ရဲ့ နန်းတော်ကနေ ထွက်ပြေးသွားပြီး ဘေးကင်းလုံခြုံတဲ့နေရာတစ်ခုကို ရောက်သွားပြီလို့ အေအက်ပီ သတင်းကို ပြောဆိုခဲ့ပါတယ်။

Ref:straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.