နေပြည်တော်၊ သြဂုတ် ၅

တိုင်းစစ်ဌာနချုပ်တစ်ခု ပူးပူးနွေးနွေး လက်လွှတ်ထားရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်း ရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေကို ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းမယ်လို့ ကြွေးကြော်လိုက်ပါတယ်။

နေဝန်းနီလို့ခေါ်တဲ့ မြန်မာစစ်တပ်အတွက် အရေးပါတဲ့ စစ်ဌာနချုပ်တစ်ခုဖြစ်တဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် ဆုံးရှုံးရပြီးနောက် ဒီနေ့ သြဂုတ် ၅ ရက်နေ့ ညဦးပိုင်းက တိုင်းပြည်လုံခြုံရေးအခြေအနေ တင်ပြစဉ် စစ်ခေါင်းဆောင်က ကြုံးဝါးလိုက်တာပါ။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်မြောက်ပိုင်းအပါ အဝင် နိုင်ငံတဝန်းရှိ စစ်တပ်စခန်းတွေ ဆုံးရှုံးနေရတာဟာ ပြည်ပနိုင်ငံတွေကြောင့် ဖြစ်တယ်လို့ အပြစ်ဖို့စွပ်စွဲခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ထိုင်းနဲ့တရုတ်နယ်စပ်တွေမှာ လက်နက်စက်ရုံတွေ တည်ဆောက်ပြီး အဆင့်မြှင့်တဲ့ ဒရုန်းနဲ့ ရှော့တိုက်ဒုံးနည်းပညာတွေ အသုံးပြုတိုက်ခိုက်လာတဲ့အတွက် စစ်ရှုံးနေရတာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့ကြောင့် တိုင်းပြည်ပြန်လည်တည်ငြိမ်ရေးအတွက် ရှမ်းမြောက်ဒေသတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတဝန်းလုံးရှိ တော်လှန်ရေးတပ်ဖွဲ့တွေကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး တည်ငြိမ်အေးချမ်းမှုရရှိတဲ့အထိ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ကြွေးကြော်ခဲ့ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတိုက်ပွဲအတွင်း တိုင်းစစ်ဌာနချုပ်တစ်ခု ပထမဆုံး အ ရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

စစ်ရေးအကဲခတ်တွေကတော့ တိုင်းစစ်ဌာနချုပ်တစ်ခု ကျဆုံးမှုဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေ အမြစ်ဖြုတ်ချင်နေတဲ့ စစ်အာဏာရှင်စနစ်ကြီး ပြိုလဲဖို့ နိဒါန်းရဲ့ အစကို ရောက်လာပြီလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.