သထုံ၊ ဩဂုတ် ၂
မွန်ပြည်နယ် သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က တံတားတစ်စင်းဟာ ဒီနေ့ ဩဂုတ် ၂ ရက်နေ့ မနက်အစောပိုင်းမှာ မိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၃/၆ နဲ့ ၁၃၃/၇ ကြားရှိ အနံ ၁၂ ပေ ၊ အလျား ပေ ၇၀ တံတား မိုင်းထောင်ဖောက်ခွဲခံခဲ့ရတာပါ။

“ညက မိုးကလည်းရွာနေချိန် ပေါက်ကွဲသံကတော့ ၃ ချက်လောက်ကြားတယ်။ အသံကအကျယ်ကြီးပဲ။ လမ်းကတော့ သွားလို့မရတော့ဘူး”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မိုင်းခွဲခံရလို့ တံတားတစ်စင်းလုံးပြိုကျသွားပြီး ကားတွေသွားလာလို့မရတာတာကြောင့် ခရီးသွားကား အစီးရေ ရာကျော်ပိတ်မိနေကြပါတယ်။

ကားငယ်အချို့ကတော့ ကမာစိုင်ကွက်သစ်ဘေး ရွာပတ်လမ်းကနေ သွားလာနေကြပေမယ့် မိုးရွာထားတာကြောင့် မြေပျော့နေပြီး ကားတွေဗွက်နစ်တဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

တံတားမိုင်းခွဲခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
အာဏာသိမ်းကာလအတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား၊ မစောတံတား၊ မိုးကောင်းတံတားအပါအဝင် တံတားအကြီး၊ အသေး ၇ ခုထက်မနည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရတာကြောင့် သွားရေးလာရေး အခက်ကြုံနေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media