သထုံ၊ ဩဂုတ် ၂

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးစိုးနေအိမ်ကို သြဂုတ် ၁ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးအေးစိုးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်ဒုတိယအပတ်အတွင်း နေအိမ်မှာ လာရောက်ဖမ်းဆီးပြီးနောက် အခုလို ချိပ်ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံအုပ်ချုပ်ရေးမှူးဦးအေးစိုးဟာ NLD အစိုးရလက်ထက်ကနေ စစ်ကောင်စီလက်ထက်အထိ အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့တာပါ။

စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်တွေမှာတော့ အုပ်ချုပ်ရေးမှူး ဦးအေးစိုးဟာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF တစ်ဦးဖြစ်ပြီး အကြမ်းဖက်မှုတွေ ကျုးလွန်ခဲ့တဲ့အတွက် နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းရတာလို့ ဝါဒဖြန့်ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

ဖမ်းဆီးခံ အုပ်ချုပ်ရေးမှူး ဦးအေးစိုးကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားပြီး လက်ရှိမှာတော့ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူး ဦးအေးစိုးနဲ့ ပတ်သက်ဆက်နွှယ်မှုတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သထုံမြို့‌ပေါ်နဲ့ သိမ်ဆိပ်ကျေးရွာက ဒေသခံငါးဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

သထုံမြို့နယ်မှာ စစ်တပ်အာဏာသိမ်းကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံနေအိမ် ၁၅ လုံးထက်မနည်း ချိပ်ပိတ်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.