နေပြည်တော်၊ သြဂုတ် ၁

လာမယ့် အထွေထွေရွေးကောက်ပွဲကို ဒေသအလိုက် လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ကျင်းပနိုင်တဲ့ နယ်မြေတွေကို ဦးစွာကျင်းပပေးသွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဇူလိုင် ၃၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ သူ့ကိုယ်ကိုသူယာယီသမ္မတ ခန့်အပ်ထားတဲ့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်မှုအရ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာသာ ရွေးကောက်ပွဲ ကျင်းပသွားမှာဖြစ်ပြီး မထိန်းချုပ်နိုင်တဲ့ ဒေသတွေကိုတော့ ရွေးကောက်ပွဲကျင်းပဦးမှာ မဟုတ်ဘူးလို့ နားလည်ရပါတယ်။

ရွေးကောက်ပွဲကျင်းပရာမှာ လတ်တလောလုံခြုံရေးအခြေအနေအရ ကျင်းပနိုင်ခြင်းမရှိသေးတဲ့ နယ်မြေတွေကို လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ပြီး ဆက်လက်ကျင်းပနိုင်အောင် ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို အရေးပေါ်ကာလကြေညာပြီး ၂ နှစ် ပြည့်မြောက်တဲ့အချိန်မှာ ကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့် ဆူပူမှုတွေကြောင့် မဆောင်ရွက်နိုင်ဘူးလို့ အဲဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

တစ်နိုင်ငံလုံးအနှံ့ ခုခံတော်လှန်စစ်အတွင်း မြို့ပေါင်း ၇၀ ကျော် လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ လာမယ့်အောက်တိုဘာလမှာ သန်းခေါင်စာရင်း ကောက်ယူပြီး ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.