ရေး၊ ဩဂုတ် ၂

မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေ လာရောက်တပ်စွဲထားတဲ့ နေရာနှစ်ခုကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဇူလိုင် ၃၁ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ ရေးမြို့နယ် နှစ်ကရင်ကျေးရွာထိပ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ တပ်အင်အား ၄၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

သြဂုတ် ၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာလည်း ရေးမြို့နယ် နှင်းစုံကျေးရွာ ဘုရားကုန်းမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုတွေအတွင်း ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး အဆက်မ ပြတ်ပစ်ကူပေးခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ် မသိရသေးပါဘူး။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်ကတော့ လက်ရှိတိုက်ပွဲနဲ့ပတ်သက်ပြီး မြေပြင်တပ်ဖွဲ့တွေ သတင်းပို့လာခြင်း မရှိသေးတဲ့အတွက် အခြေအ နေ အသေးစိတ်မသိသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ သံဖြူဇရပ် – ရေး -ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ဇူလိုင်ဒုတိယအပတ်ကစပြီး အဲဒီလမ်းပိုင်းတလျှောက် စစ်ကြောင်းထိုးတာ၊ ဗျူဟာအရ တပ်စွဲနေယူတာတွေ လုပ်ဆောင်နေပါတယ်။

သံဖြူဇရပ် – ရေး -ထားဝယ်လမ်းပိုင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေနဲ့ ခရီးသွားတွေကို ဖုန်းနဲ့ဆိုင်ကယ် စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး ဖြတ်သန်းသွားလာခွင့် ကန့် သတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကတော့ သံဖြူဇရပ် – ရေး -ထားဝယ်လမ်းပိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာကြဖို့ မေတ္တာရပ်ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP -AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.