နေပြည်တော် ၊ ဇူလိုင် ၂၄

ပါတီဆက်လက်တည်ထောင်ခွင့်အတွက် မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပြည်သူ့အင်အားပါတီကို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် UEC က ငြင်းပယ်လိုက်တယ်လို့ ဇူလိုင် ၂၂ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့အင်အားပါတီဟာ စစ်ကောင်စီပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားတဲ့အပေါ် ပုဒ်မ ၆ ပါ ပြဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိတာကြောင့်လို့ UEC က အကြောင်းပြပါတယ်။

ပုဒ်မ ၆ ပြဌာန်းချက်အရ ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်စေနိုင်တဲ့ ရေးသားလှုံ့ဆော်မှုတွေ မပြုရဆိုတဲ့ အချက် ၆ ချက် ပါဝင်ပါတယ်။

ပြည်သူ့အင်အားပါတီဟာ ၂၀၁၉ ခုနှစ်မှာ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ပြီး NLD အစိုးရဦးဆောင်ကျင်းပခဲ့တဲ့ ရွေး‌ကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် လွှတ်တော်ကိုယ်စားလှယ်နေရာ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။

အဲဒီရွေးကောက်ပွဲကိုလည်း တရားမျှတမှုမရှိတဲ့အတွက် ကန့်ကွက်ကြောင်း ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့မှာ သဘောထားထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှုအပေါ်ကြံ့ခိုင်ရေးပါတီကနေ ဦးဆောင်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့က ထောက်ခံတဲ့ ပါတီ ၂၂ ခုရဲ့ ကြေညာချက်မှာလည်း ပြည်သူ့အင်အားပါတီက ပါဝင်ထောက်ခံခဲ့သေးတာပါ။

ပြည်သူ့အင်အားပါတီကို ပါတီဥက္ကဋ္ဌအဖြစ် ဦးဌေးအောင်က ဦးဆောင်တာ ဖြစ်ပြီး စစ်တပ်အာဏာမသိမ်းခင် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် သြဂုတ်လတုန်းက စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီထဲမှာ ပါဝင်တာပါ။

လက်ရှိမှာ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေပါ ပြဌာန်းချက်တွေနဲ့ မညီညွတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပါတီ ၇ အခုအထိ မှတ်ပုံတင်ခွင့် ပယ်ချထားပါတယ်။

အဲဒီထဲမှာ ပြည်သူ့အင်အားပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ချင်းပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီနဲ့ ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်ကြပါတယ်။

ငြင်းပယ်ခံရတဲ့ ပါတီတွေဟာ ပါတီမှတ်ပုံတင်ဥပဒေ ပုဒ်မ ၄၊ ၅ ၊ ၆ ၊ ၇ ပါ ပြဌာန်းချက်တွေနဲ့ မညီဘူးဆိုတဲ့ အကြောင်းပြချက်သာရှိပြီး အသေးစိတ်ကိုတော့ ကော်မရှင်ဘက်က တိတိကျကျ အသိပေးထုတ်ပြန်ထားခြင်း မရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI
ပုံစာ – စစ်ကောင်စီခန့် ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတွေကို မဲပေးစက်အကြောင်း ရှင်းလင်းနေစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.