ရေး၊ ဇူလိုင် ၂၅

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ရွာသစ်ကျေးရွာ ဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၃ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က တပ်အင်အား ၁၀၀ ဝန်းကျင်နဲ့ ကုန်းပေါ်ရွာသစ်စေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မွန်ပြည်သစ်ပါတီ AD နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်မိနစ် ၂၀ နီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေတယ်လို့ မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရ နိုင်ဗညားမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရတာ မရှိကြောင်းနဲ့ လက်ရှိမှာတော့ နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က မော့ကနင်ရွာသစ်ကျေးရွာရှိ ကုန်းပေါ်ရွာသစ်စေတီမှာ လာရောက်တပ်စွဲထားတာပါ။

တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီစစ် ကြောင်းမှာ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအမြောက်အမြား ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ မွန်ပြည်သစ်ပါတီ AD ၊ YPDF တောင်ညိုစစ်ကြောင်း၊ တပင်ရွှေထီးနဲ့ပဒဲကော ပူးပေါင်းတပ်ဖွဲ့တွေက ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရေးမြို့နယ်မှာ အခုလဆန်းကစပြီး စစ်ကောင်စီတပ်ဘက်က နယ်မြေစိုးမိုးရေး ခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးတာတွေ ရှိနေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြန် လည်ဖြစ်ပွားနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.