ရေဖြူ၊ ဇူလိုင် ၂၄

တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ကား ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က အင်အား ၅ ဦးဝန်းကျင်နဲ့ ရေဖြူမြို့ပေါ်မှာ သွားလာနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားစနစ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အချိန် ၁၅ မိနစ်နီးပါးအကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးပြီး တစ်ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဖိုချောက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီထံကနေ MA3 သေနတ် လေးလက်၊ ကျည်အတောင့် ၄၀၀ နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီတိုက်ခိုက်မှုအတွင်း ရေဖြူအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်ကို ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အခု ဇူလိုင်လအတွင်းမှာ ရေဖြူ-ထားဝယ်လမ်းပိုင်းမှာ အိမ်စီးကားနဲ့ သွားလာနေတဲ့ စစ်ကောင်စီတပ်တွေ သုံးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ကလည်း ရေဖြူမြို့နယ် မောရဝတီရေတပ်မှ ထွက်လာတဲ့ ရေတပ်အရာရှိနဲ့ စရဖတို့ လိုက်ပါလာတဲ့ကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးနဲ့ တပ်ကြပ်အဆင့်ရှိသူတစ်ဦး သေဆုံးခဲ့သလို နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – YPPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.