ဘာလင်၊ ဇူလိုင် ၂၄

ရုရှားရဲ့ စစ်အင်အား တည်ဆောက်မှု အန္တရာယ် ပိုများလာနေပြီလို့ ဂျာမနီ ကာကွယ်ရေးဦးစီးချုပ် ကာစတန် ဘရီအာက သတိပေးပြောကြားလိုက်ပါတယ်။

ရုရှား စစ်တပ်ဟာ အနောက်တိုင်းဆီကို ဦးတည်လာနေပြီဆိုတာ ကျွန်တော်တို့ လေ့လာ တွေ့ရှိထားပါတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဘရီအာက ပြောကြားခဲ့ပါတယ်။

မော်စကိုတပ်တွေအနေနဲ့ လာမယ့် ငါးနှစ်ကနေ ရှစ်နှစ်အတွင်းမှာ နေတိုး မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက်နိုင်ရေး လုံလောက်တဲ့ လက်နက် အင်အားနဲ့ လူအင်အား ဖြည့်တင်းနိုင်တယ်လို့ သူက ပြောခဲ့တာပါ။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ပြောဆိုမှုတွေ၊ မဟာမိတ်တပ်တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ ထောက်လှမ်းရေးသတင်းတွေကို ကိုးကားပြီး ဘရီအာက အခုလိုမျိုး ပြောကြားတာလည်း ဖြစ်ပါတယ်။

ရုရှားစစ်တပ်ဟာ နှစ်စဉ်နှစ်တိုင်း သူတို့ရဲ့ သံချပ်ကာ ကားအင်အားကို ၁၀၀၀ ကနေ ၁၅၀၀ အထိ တိုးမြှင့်နေပြီး နေတိုးအဖွဲ့ရဲ့ အင်အားကြီး ငါးနိုင်ငံ ပေါင်းရင်တောင် ရုရှားရဲ့ တီထွင် ထုတ်လုပ်မှုရဲ့ ထက်ဝက် လောက်ပဲ ထုတ်လုပ်နိုင်တယ်လို့ ဘရီအာက ပြောပါတယ်။

ဘွန်ဒက်ဝါလို့ ခေါ်တဲ့ ဂျာမနီ စစ်တပ်မှာ တိုက်ပွဲဝင် သံချပ်ကာကား ၃၀၀ လောက်ပဲ ရှိပါတယ်။

ရုရှားရဲ့ ရည်ရွယ်ချက်နဲ့ စစ်အင်အားတည်ဆောက်နေမှု အခြေအနေနဲ့ ပတ်သက်ပြီး မိမိတို့ သတိထားသင့်ကြောင်းလည်း ကာကွယ်ရေးဦးစီးချုပ် ဘရီအာက ပြောပါတယ်။

မိမိအနေနဲ့ အနာဂတ်မှာ အဆိုးရွားဆုံး ဖြစ်နိုင်ခြေကို စဉ်းစားရမှာ ဖြစ်ပြီး ငါးနှစ်အတွင်း စစ်ဖြစ်လာနိုင်ခြေ အတွက် မိမိတို့ ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ကြောင်းနဲ့ ကြိုတင် ပြင်ဆင်ထားမှပဲ မိမိတို့ တားဆီးနိုင်မှာ ဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

Ref:dpa

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.