ကျောက်မဲ၊ ဇူလိုင် ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦး သေဆုံးခဲ့ပြီး စစ်သ့ုံပန်း ၅၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင် ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျောက်မဲမြို့နယ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားအလောင်း ၅၄ လောင်းနဲ့ စစ်သုံ့ပန်း ၄၀ ဦးအပြင် လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်မဲမြို့နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်စွဲထားတဲ့ နမ့်ဆီလင်း ဘုန်းကြီးကျောင်း၊ အေးရှားဝေါတိုးဂိတ်တွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာ လက်နက်မျိုးစုံ ၇၂ လက် အပါအဝင် စစ်အသုံးအဆောင်ပစ္စည်း ၈၅ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇူလိုင် ၂၃ ရက်နေ့ မိုးကုတ်မြို့နယ် ချမ်းသားကြီးကျေးရွာနဲ့ မစိုးရိမ်ကျောင်းတိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်သားအလောင်း ၁၆ လောင်းနဲ့ စစ်သုံ့ပန်း ၁၉ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တဲ့အပြင် လက်နက်မျိုးစုံ ၁၉ လက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒါအပြင် မိုးကုတ်မြို့နယ် ရတနာကြေးမုံကျောင်းနဲ့ ကုလားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲစခန်းတွေကိုလည်း တအာင်းတပ်မတော် TNLA နဲ့ PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ လေးရက်အတွင်း အရပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) မှာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းက တိုက်ပွဲတွေမှာ ဗိုလ်မှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်ကို TNLA ပူးပေါင်းတပ်တွေက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.