ကျိုက်ထို၊ ဇူလိုင် ၂၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ သိမ်ဇရပ်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သိမ်ဇရပ်ရဲစခန်းကို ဇူလိုင် ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့ တွေက လက်နက်ကြီးခုနှစ်လုံးထက်မနည်း လာရောက်ပစ်ခတ်တိုက်ခိုက်သွားတာပါ။

အဲဒီတိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာစဉ် သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ လုပ် ဆောင်ခဲ့ပါတယ်။

သိမ်ဇရပ်အမြောက်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ သိမ်ဇရပ်မြို့ ရွာလေးရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၃၀ ကျော်အရွယ် ဒေသခံကိုလင်းစစ်သူ သေဆုံးပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။

လက်နက်ကြီးထိမှန် သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေကတော့ လူမှုကယ်ဆယ်ရေးအဖွဲ့အကူအ ညီနဲ့ သိမ်ဇရပ်ဆေးရုံထံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သိမ်ဇရပ်ရဲစခန်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုနဲ့ အဆောက်အဦးပျက်စီးမှု အခြေအနေအသေးစိတ် မသိရသေးပါဘူး။

နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ဇူလိုင် ဒုတိယအပတ်ကစပြီး တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေပါတယ်။

လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း မွန်ပြည်နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၇၂ ဦး သေဆုံးပြီး ၁၃၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.