ရန်ကုန် ၊ ဇူလိုင် ၂၃

အာဏာသိမ်းမှု သုံးနှစ်ခွဲကျော်လာချိန် စစ်ရေး၊ နိုင်ငံရေးတွေမှာ အကျပ်ဆိုင်လာတဲ့ စစ်ကောင်စီက သူ့ကိုထောက်နေတဲ့ နိုင်ငံရေးပါတီတချို့နဲ့ ပုဂ္ဂိုလ်တချို့ကိုအသုံးချပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ EAO တွေကို အပြစ်ဖို့ ဝါဒဖြန့်တာတွေ လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ ပြည်တွင်းပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဖက်ဒရယ်လား/ အကြမ်းဖက်လားဆိုတဲ့ ခေါင်းစဉ်နဲ့ ဇူလိုင် ၂၁ ရက်နေ့က ရန်ကုန်မြို့ မှာ စကားဝိုင်းဆွေးနွေးပွဲ လုပ်လာတာပါ။

အဲဒီစကားဝိုင်းမှာ ဦးဆောင်သူတွေကို ကြည့်လိုက်ရင် စစ်တပ်ကျော‌ထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီအပါအဝင် အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ၊ သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့က ပုဂ္ဂိုလ်တွေနဲ့ အမျိုးသားရေးအဖွဲ့တွေက တက်‌ရောက်ဆွေးနွေးတာ တွေ့ရပါတယ်။

ဒီဆွေးနွေးပွဲဟာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအတွင်း ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန် ပြင်းထန်နေချိန်နဲ့ ရခိုင်ကထိုးစစ်တွေကို စစ်ကောင်စီ အလူးအလဲရင်ဆိုင်နေရချိန်မှာ အာဏာသိမ်းမှုအတွင်း ပထမဦးဆုံးပြုလုပ်တာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေက ဖက်ဒရယ်စနစ်ကို အကြောင်းပြပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဟာ အကြမ်းဖက်မှုလုပ်ရပ်သာဖြစ်တယ်လို့ စစ်တပ်ထောက်ခံသူတွေက အဲဒီစကားဝိုင်းမှာ လေးကြိမ်ထက်မနည်း ပြောဆိုခဲ့ကြတာပါ။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကနေ နိုင်ငံ့အာဏာကို လက်နက်အားကိုးပြီး မတရားသိမ်းယူမှုအပေါ် ငြိမ်းချမ်းစွာ ဆန့်ကျင်ခဲ့ကြသူတွေကို နည်းမျိုးစုံ ဖမ်းဆီးသတ် ဖြတ်ဖြိုခွင်းခဲ့တာကိုတော့ ဆွေးနွေးခြင်းမရှိခဲ့ပါဘူး။

စစ်ကောင်စီကိုတော်လှန်နေတဲ့ ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီက အကြမ်း ဖက်မှုစလုပ်တာက စစ်ကောင်စီနဲ့ အပေါင်းအပါတွေဖြစ်တယ်ဆိုတာ တစ်ကမ္ဘာလုံးသိပြီး လိမ်ညာလို့မရတဲ့ကိစ္စလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ လိုချင်တဲ့ဟာ စစ်အာဏာရှင်မှန်သမျှ အမြစ်ဖြတ်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင် ငံ တည်ဆောက်ဖို့ဆိုတာ ကျွန်တော်တို့ နိုင်ငံရေးဦးတည်ချက်ပါ။ အဲဒါကိုစကားဝိုင်းကနေ ဖက်ဒ ရယ်လား အကြမ်းဖက်လားဆိုတာက အကြမ်းဖက်မှုစလုပ်တာက စစ်ကောင်စီကိုယ်တိုင်နဲ့ အ ပေါင်းအပါတွေ ဖြစ်နေတယ်ဆိုတာကတော့ ပြည်သူတစ်ရပ်လုံးကို လိမ်လို့ ညာလို့မရတဲ့ တစ်ကမ္ဘာလုံးက သိတဲ့ကိစ္စဖြစ်ပါတယ်”လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ အာဏာသိမ်းမှုအတွင်း စစ်အုပ်စုနဲ့သူတို့ရဲ့ လက်ပါးစေတွေကြောင့် ပြည်သူ ၅၄၀၀ ကျော် သေဆုံးခဲ့ရပြီး ၂၀၀၀၀ ကျော်ဟာ အကျဉ်းချခံနေရဆဲဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံရေးမှာ စစ်တပ်ရေရှည်ရပ်တည်ရေးအတွက် သူတို့ရဲ့ အာဏာသိမ်းအကြမ်းဖက်မှုကို ဖုံးကွယ်ပြီး နိုင်ငံတကာအရှေ့မှောက်မှာ နိုင်ငံရေးအရ တရားဝင်ရပ်တည်နိုင်ရေးအတွက် ဆွေး နွေးတဲ့ စကားဝိုင်းလို့ ဆလိုင်းထက်နီက ဝေဖန်ပါတယ်။

စစ်ကောင်စီက သူ့ကို ဆန့်ကျင်တော်လှန်နေကြတဲ့ လက်နက်ကိုင်တော်လှန်သူတွေအပါအဝင် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို အကြောင်းမျိုးမျိုးပြပြီး အကြမ်းဖက်သူတွေလို့ အမြဲလိုလို ဝါဒဖြန့်စွပ်စွဲလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ကလည်း စစ်ကောင်စီအစည်းအဝေးမှာ တိုင်းနဲ့ ပြည်နယ်အလိုက်ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဒေသခံအကြမ်းဖက်တွေက လုပ်ဆောင်နေတာဆိုပြီး စစ်ခေါင်း ဆောင်က သူ့အပြစ်ကို ဖုံးကွယ်ကာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို စွပ်စွဲခဲ့သေးတာပါ။

အခုအခါမှာ‌တော့ စစ်ကောင်စီနဲ့ ပုလဲနံသင့်တဲ့ စစ်တပ်ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေ လူပုဂ္ဂိုလ်တွေကို အသုံးချပြီး စကားဝိုင်းဆွေးနွေးပွဲ အကြောင်းပြချက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အပြစ်လွှဲချဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက စစ်ကောင်စီဟာ နိုင်ငံရေးအကျပ်တည်းကြုံနေလို့ ထွက်ပေါက်ရှာတဲ့ သဘောမျိုးနဲ့ အခုလို လုပ်လာတာလို့ သံ လွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလောလောဆယ် ကျွန်တော်တွေးမိသလောက်ကတော့ စစ်ကောင်စီစကစလည်း နိုင်ငံရေးအကျပ်အတည်းကြုံနေလို့ သူလည်းထွက်ပေါက်တွေ ရှာနေတဲ့သဘောမျိုးနဲ့ နည်းပေါင်းစုံနဲ့ စီမံ ကိန်းတွေလုပ်လာတယ်လို့ပဲ ကျွန်တော်က အဲဒီလိုတွေးမိပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှု သုံးနှစ်ခွဲကျော်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေရဲ့ ခုခံတော်လှန်မှုထိုးစစ်ကို နိုင်ငံအနှံ့ စစ်မျက်နှာများစွာ ရင်ဆိုင်ထားရပြီး မြို့ပေါင်း ၇၀ ကျော် လက် လွှတ်ထားရတဲ့ အခြေအနေပါ။

ဒါကို စစ်တပ်ထောက်ခံသူတွေက လက်နက်ကိုင်ပြီး နယ်မြေတွေ စိုးမိုးလာတာဟာ NCA သဘော တူညီမှု ချိုး‌ဖောက်ခြင်းဖြစ်သလို ပြည်သူတွေထိခိုက်နစ်နာပြီး တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်တယ်လို့ စကားဝိုင်းမှာ ပြောဆိုခဲ့ပါတယ်။

တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်ရပ်မထိုး အဖွဲ့တွေကတော့ နိုင်ငံ့အာဏာကို စစ်တပ်သိမ်းယူကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ NCA ရဲ့ မူဘောင်တွေကို စတင်ချိုးဖောက်လိုက်တာလို့ ထုတ်ပြောထားကြတာပါ။

စစ်တပ်ထောက်ခံသူတွေကတော့ လက်နက်စွဲကိုင်ပြီး (အာဏာသိမ်း စစ်ကောင်စီ) အစိုးရကို တိုက် ခိုက်တာ၊ ပြည်သူကို သတ်ဖြတ်တာဟာ ဖက်ဒရယ်စနစ်ကို လိုလားသူတွေမဟုတ်ဘဲ တိုင်းရင်း သား စည်းလုံးညီညွတ်မှုကို ဖျက်ဆီးတာလို့ တစ်ဘက်သတ် စွပ်စွဲပြန်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်အာဏာသိမ်းမှုကို လူထုတွေ ကန့်ကွက်ခဲ့ကြတဲ့အပေါ် စစ်တပ်ရဲ့ အကြမ်းဖက်နှိပ်ကွပ်မှုကနေ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ရွေး ချယ်ရပြီး ဖက်ဒရယ်ကို ဦးတည်လာတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်လာတာလို့ ထောက်ပြပါတယ်။

“လူထုက စစ်အာဏာသိမ်းမှုကို မြို့ကြီးတွေမှာ သန်းနဲ့ချီပြီး ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒါကို စစ် တပ်က အကြမ်းဖက်နှိပ်ကွပ်ရာကနေပြီး အခုလို လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ပြည်သူလူထုက ရွေးချယ်ရပါတယ်။ အဲဒီလမ်းကြောင်းကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းတွေကလည်း တစ်လျှောက်လုံး ဖက်ဒရယ်အခွင့်အရေးအတွက် ပါဝင်လာကြတာဖြစ်တဲ့အတွက် လူထုရဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုက စစ်အာဏာရှင်စနစ် မြေမြှုပ်သဂြိုဟ်ပစ်ရေး နောက်တစ်ခုက ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေး လှုပ်ရှားမှုဆိုတဲ့ ဦးတည်ချက်တွေ ပေါ်‌ပေါက်လာပါတယ်။ အဲဒီဦးတည်ချက်တွေအရ တိုင်းရင်းသားတွေက ပါဝင်လာတာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

လက်ရှိ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ လက်နက်ကိုင်အင်အားစုတွေဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်‌ထောင်စုတည်ဆောက်ရေးအတွက် စစ်ကောင်စီကို ခုခံတော်လှန်နေကြတာလို့ ထုတ်ပြောထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.