ရန်ကုန်၊ ဇူလိုင် ၂၃

နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ထောင်ပြောင်းတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင် ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံကနေ သိရပါတယ်။

စစ်ကောင်စီဟာ ဇူလိုင် ၂၁ ရက်နေ့က ရန်ကုန်တိုင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသူ ၂၆၀ ကို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပဲခူးတိုင်း ဒိုက်ဦးထောင်နဲ့ သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်နဲ့ မန္တလေးတိုင်း အိုးဘိုထောင်ကနေ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၄၀ ကျော်ကိုလည်း အဲဒီအကျဉ်းထောင်တွေထံ ပြောင်းရွှေ့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းတာဟာ ထောင်တွင်းဆန္ဒပြပွဲတွေ မဖြစ်ပေါ်လာဖို့နဲ့ အကျဉ်းသားတွေရဲ့ ညီညွတ်မှုကို ပြိုကွဲအောင်လုပ်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကနေစပြီးမှ ဒီဇူလိုင်လထဲမှာဆိုရင်လည်း ၇ ဇူလိုင်တို့ ၁၉ ဇူလိုင်တို့ရဲ့ အထိမ်းအမှတ်နေ့တွေ ရှိတယ်။ အခုလာမယ့် ဇူလိုင်လ ၂၃ ရက်နေ့မှာလည်း ကိုဂျင်မီတို့ ကိုဖြိုးဇေယျာသော်တို့ ကြိုးပေးကွပ်မျက်ခံရတဲ့ နှစ်ပတ်လည်နေ့တွေ ရှိတယ်ပေါ့။ ဒီနေ့တွေအပါအဝင် နောက်လာမယ့် ဩဂုတ်လ ၈ ရက်နေ့၊ ၂၂၂၂ နှစ်ပတ်လည်နေ့တွေအထိက အကျဉ်းထောင်တွေအတွင်းမှာ ထောင်းတွင်းတိုက်ပွဲတွေ ထောင်တွင်းသပိတ်ဆင်နွှဲမှုတွေကို နည်းမျိုးစုံနဲ့ ဖော်ဆောင်ကြတာရှိတယ်။ ဒီလိုမျိုးလုပ်ဆောင်မယ့် လုပ်ဆောင်ချက်တွေ ဖြစ်ပေါ်မလာဖို့ စစ်ကောင်စီနဲ့ အကျဉ်းဦးစီးတို့ သေချာစနစ်တကျဆွေး နွေးပြီးမှ ဒါအကျဉ်းထောင်တွေထဲမှာ ညီညွတ်နေတဲ့ထောင်တွေကို အဓိကစုဖွဲ့မှုတွေ ပြိုကွဲအောင် လုပ်နေခြင်းဖြစ်တယ်” လို့ ဆိုပါတယ်။

ဒိုက်ဦးထောင်နဲ့ သာယာဝတီအကျဉ်းထောင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ညှင်း ပန်း နှိပ်စက်တာတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေပြီး အကျဉ်းသားတွေ ထောင်ပြင်ထုတ် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အစီရင်ခံစာတွေအရ နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် ၂၇၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ ၂၀၀၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.