ပေါင်၊ ဇူလိုင် ၂၂

မွန်ပြည်နယ် ပေါင်မြို့နယ် ဆင်ရွာကျေးရွာရှိ ဆင်ရွာရေတံခွန်မှာ အမျိုးသမီးငယ် တစ်ဦး ချော်ကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

မနေ့ ဇူလိုင် ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ဆင်ရွာရေတံခွန်ထံ အလည်လာကြတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ခြေချော်ပြီး ရေစီးထဲ မျောပါသွားပြီးနောက် ကျောက်တုံးကြားညှပ်ကာ သေဆုံးမှု ဖြစ်ပွားခဲ့တာပါ။

အဲဒီနေ့မှာပဲ သေဆုံးသူရဲ့ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက တစ်နေ့လုံး ကယ်ဆယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ရေစီးသန်တာကြောင့် ဒီနေ့ ဇူလိုင် ၂၂ ရက်နေ့မှာ မနက်ပိုင်း ပြန်လည်ဆယ်ယူနိုင်ခဲ့တာပါ။

“ရေစီးတအားသန်တော့ မနေ့ညနေပိုင်းလောက်မှာ ကယ်ဆယ်မှုတွေ ရပ်နားခဲ့ရတာ။ ဒီမနက်တော့ အမျိုးသမီးငယ်ရဲ့ Dead Body ကို ဆွဲထုတ်နိုင်ခဲ့ပြီ”လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးငယ်ဟာ မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာ နေထိုင်သူဖြစ်ပြီး သူငယ်ချင်း၊မိသားစုတွေနဲ့အတူ ဆင်ရွာရေတံခွန်ထံ အလည်လာစဉ် အခုလို ဖြစ်ပွားခဲ့တာပါ။

သေဆုံးသွားတဲ့ အမျိုးသမီးငယ်ကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ မုဒုံမြို့နယ် ကန်ကလေးသုသာန်မှာ သဂြိုဟ်သွားမယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ နာမည်ကြီး လူသိများတဲ့ ဆင်ရွာရေတံခွန်မှာတော့ ရုံးပိတ်ရက်တွေဖြစ်တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ အနယ်နယ် အရပ်ရပ်က လာရောက်လည်ပတ်ကြသူ ထောင်နဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရာမည အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.