နေပြည်တော် ၊ ဇူလိုင် ၂၂

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်‌တွေအတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယာယီသမ္မတအဖြစ် တာဝန်ပေးအပ်ခံရတယ်လို့ စစ်ကောင်စီက ဒီကနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်းထုတ်ပြန်ချက်အရ ယာယီသမ္မတ ဦးမြင့်ဆွေဟာ လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူပြီး ဆေးကုသမှုခံနေရတာပါ။

ဒီအခြေအနေကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်တွေကို လိုအပ်သလို ဆက်လုပ်နိုင်ဖို့ ဦးမြင့်ဆွေ တာဝန်လစ်ဟင်းနေစဉ်ကာလမှာ ယာယီသမ္မတ တာဝန်တွေကို စစ်ခေါင်းဆောင်ထံ လွှဲအပ်စေမယ်လို့ ယာယီသမ္မတရုံးက စစ်ကောင်စီရုံးကို အကြောင်းကြားစာ ပေးပို့လာခဲ့တာလို့ ဆိုပါတယ်။

အကြောင်းကြားစာပေးပို့ပြီးနောက် ဇူလိုင် ၂၂ ရက် မနက် ၁၁ နာရီခွဲမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆိုင်ရာကိစ္စရပ်တွေအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားတွေကို စစ်ကောင်စီ ဥက္ကဌထံ လွှဲပြောင်းအပ်နှံ လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ စစ်ကောင်စီ တိုးယူထားတဲ့ အရေးပေါ်သက်တမ်းဟာ ဇူလိုင် ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် အဲဒီနေ့မှာ ခေါ်ယူမယ့် ကာလုံအစည်းအဝေးကနေ သက်တမ်းဆက်တိုးမလား ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.