ဝါရှင်တန်၊ ဇူလိုင် ၂၀
လာမယ့် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲကနေ လက်ရှိသမ္မတ ဂျိုး ဘိုင်ဒန် နုတ်ထွက်လိုက်ရင် ဘယ်လို အခြေအနေမျိုး ဖြစ်လာမလဲ ဆိုတာကို သူ့ရဲ့ မိသားစုဝင်တွေ စတင်ဆွေးနွေးနေပြီ ဖြစ်ကြောင်း အဲဒီ ဆွေးနွေးမှုနဲ့ ပတ်သက်လို့ သိထားတဲ့ သတင်းရင်းမြစ် နှစ်ခုက ပြောကြားပါတယ်။
နုတ်ထွက်ရေးအတွက် ဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ အများစု သဘောထားက သမ္မတ ဘိုင်ဒန် အနေနဲ့ နုတ်ထွက်၊ မထွက် ကိုယ်တိုင် ဆုံးဖြတ်သင့်တယ်လို့ ပြောဆိုထားကြတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ အရင်းနှီးဆုံး မဟာမိတ်တွေက သမ္မတဘိုင်ဒန်အနေနဲ့ သူ့ပါတီအတွက် ဒေါ်နယ်ထရန့်ကို အနိုင်ယူရေး အကောင်းဆုံး အနေအထား ဖြစ်အောင် လုပ်ဆောင်သင့်တယ်လို့ ယုံကြည်ထားကြပါတယ်။
သမ္မတ ဘိုင်ဒန်ရဲ့ မိသားစုက သူရွေးကောက်ပွဲ ဝင်မပြိုင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို အဓိကထား ဆွေးနွေးနေကြကြောင်း သတင်းရင်းမြစ်တွေက ပြောကြားထားပါတယ်။
သူတို့ စဉ်းစားနေတဲ့ အချက်တွေထဲမှာ သမ္မတ ဘိုင်ဒန်ရဲ့ ကျန်းမာရေး အခြေအနေ၊ မိသားစု အပေါ် သက်ရောက်လာနိုင်တဲ့ အခြေအနေနဲ့ နိုင်ငံတည်ငြိမ်ရေး စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲက နုတ်ထွက်ရေး အထင်ကရ ဒီမိုကရက် ခေါင်းဆောင်တွေက တွန်းအားပေးနေချိန်မှာ သမ္မတ ဘိုင်ဒန်ကတော့ နုတ်ထွက်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
သမ္မတဟာ ဒေါ်နယ် ထရန့်နဲ့ စကားစစ်ထိုးချိန်မှာ အဆင်မပြေတာတွေ ဖြစ်ခဲ့သလို နေတိုး အစည်းအဝေးမှာလည်း ယူကရိန်းသမ္မတ ဇီလန်စကီးကို ရုရှားသမ္မတ ပူတင်နဲ့မှားပြီး မိတ်ဆက်ခဲ့မိပါတယ်။
ဒီလို အခြေအနေတွေကြောင့် အသက် ၈၁ နှစ် ရှိနေပြီ ဖြစ်တဲ့ သမ္မတဘိုင်ဒန်ဟာ ဇရာကြိုရောဂါ ဖြစ်နေပြီဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပြီး သူ့ရဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်စွမ်းနဲ့ ပတ်သက်လို့ သံသယတွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်ဒရူး ဘာတီကတော့ ဘိုင်ဒန် နုတ်ထွက်ရေး သူ့မိသားစု ဆွေးနွေးနေတယ်ဆိုတာကို ငြင်းဆိုထားပါတယ်။
ဒီအတောအတွင်း လူထုစုဝေးပွဲ တစ်ခုမှာ သေနတ်နဲ့ ပစ်ခတ်ခံရပေမယ့်အသက်ရှင် လွတ်မြောက်ခဲ့တဲ့ သမ္မတဟောင်း ဒေါ်နယ် ထရန့် ရွေးကောက်ပွဲ အနိုင်ရနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
Ref:NBC