ရေဖြူ၊ ဇူလိုင် ၁၂

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အခြေစိုက် အမှတ် ၄၀၇ ခြေမြန်တပ်ရင်းကနေထွက်လာတဲ့ အိမ်စီးကားတစ်စီး ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ခမရ ၄၀၇ တပ်ရင်းမှ ဟိုက်ဂျက်ကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားကို အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရေဖြူပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ YPPDF နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် နေရာမှာတင် ကားထိုးရပ်သွားပြီး ကားမောင်းလာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ပြီး သေနတ် ၁ လက်နဲ့ ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖိုးချောက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီဖြစ်စဉ်အတွင်း ကားပေါ်လာတဲ့ စစ်ကောင်စီတပ်သားရဲ့ ဇနီး ဒါမှမဟုတ်ရင် စစ်မေလို့ယူဆရတဲ့ အမျိုးသမီးလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး ပြန်လွှတ်ပေးခဲ့ကာ ကားကိုလည်း ဒီအတိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။

ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေဟာ အရပ်သုံးအိမ်စီးကားတွေကို အသုံးပြုသွားနေတဲ့အတွက် မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်ခံနေရတာပါ။

ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကလည်း ရေဖြူမြို့နယ် ခမရ ၄၀၇ တပ်ရင်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီရဲ့ ဗိုလ်ကြီးတစ်ဦး အမှတ် ၈ ပြည်ထောင်စုလမ်းပေါ် ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – YPPDF/DNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.