ဆိုးလ်၊ ဇူလိုင် ၁၂

နယ်စပ်ဒေသမှာ လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာတွေ ဖြစ်လာပြီးနောက် မြောက်ကိုရီးယား ဒရုန်းတွေကို ကြားဖြတ်ပစ်ချဖို့ တီထွင်ထားတဲ့ လေဆာလက်နက်တွေ စတင်ချထားတော့မယ်လို့ တောင်ကိုရီးယားက ဇူလိုင် ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

အခုနှစ် နှစ်ကုန်ပိုင်းမှာ Block-I လို့ နာမည်ပေးထားတဲ့ လေဆာလက်နက် တစ်ခုကို ချထားမှာ ဖြစ်ပြီး လာမယ့်နှစ်တွေမှာလည်း ထပ်မံ ချထားဖို့ရှိတဲ့အကြောင်း တောင်ကိုရီးယား ကာကွယ်ရေးစီမံကိန်း အဖွဲ့က ပြောကြားထားပါတယ်။

Block-I စနစ်ဟာ နယ်နိမိတ်အတွင်း ဝင်ရောက်လာတဲ့ အသေးစား ဒရုန်းတွေကို ပစ်ချနိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးအေဂျင်စီက ဆိုပါတယ်။

အဲဒီ ကာကွယ်ရေးစနစ်ကို Hanwha Aerospace ကုမ္ပဏီက တီထွင်ထုတ်လုပ်ထားတာ ဖြစ်ပြီး တစ်ချက်ပစ်ချတဲ့ ကုန်ကျစရိတ်ဟာ ၁ ဒသမ ၅၀ ဒေါ်လာ ရှိတယ်လို့ ဆိုပါတယ်။

အိမ်နီးချင်း မြောက်ကိုရီးယားရဲ့ ဒရုန်း အန္တရာယ်တွေကို နိုင်နင်းအောင် ကာကွယ်နိုင်ရေးအတွက် အခုလိုမျိုး ကာကွယ်ရေး စနစ်တွေကို တီထွင်ထားတာ ဖြစ်ကြောင်း အဲဒီအေဂျင်စီရဲ့ အရာရှိ တစ်ယောက်က ပြောကြားထားပါတယ်။

လေဆာလက်နက် နယ်ပယ်မှာ အမေရိကန်နဲ့ အစ္စရေးတို့လို နိုင်ငံတွေက မိမိတို့ထက် အများကြီး ရှေ့ရောက်နေပေမယ့် နိုင်ငံ့နယ်နိမိတ် အတွင်း ဝင်ရောက်လာမယ့် ပဲ့ထိန်း ဒုံးကျည်တွေကို ပစ်ချနိုင်ရေး အဆင့်မြှင့်တင်သွားမှာ ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။

Block-I စနစ်က ဒရုန်းတွေရဲ့ လျှပ်စစ်ပတ်လမ်းကို ထိခိုက်စေနိုင်ပြီး ပစ်မှတ်ကို မရောက်ခင် ပျက်ကျသွားစေနိုင်ကြောင်း သိရပါတယ်။
ဒီစနစ်ကို ၂၀၂၂-၂၀၂၃ ခုနှစ်မှာ စမ်းသပ်ခဲ့ပြီး ထိရောက်မှု အပိုင်း စိတ်ချရကြောင်း တောင်ကိုရီးယား ကာကွယ်ရေးအေဂျင်စီက ပြောဆိုထားပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားရဲ့ ဒရုန်းတွေ ဝင်ရောက်လာရင် စူးစမ်းသိရှိနိုင်ရေး တောင်ကိုရီးယားရဲ့ ရေဒါစနစ်ကို အဆင့် မမြှင့်တင်နိုင်သေးတာကြောင့် လေဆာလက်နက်တွေရဲ့ စွမ်းပကားကို ကျွမ်းကျင်သူ အချို့က မေးခွန်း ထုတ်ထားကြပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.