မကွေး၊ ဇူလိုင် ၁၂

မကွေးတိုင်း၊ ငဖဲမြို့နယ် မင်းဘူး-အမ်းလမ်းပိုင်းမှာ တပ်အပြောင်းအရွှေ့လုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံးတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-ASHO) က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်မှာ နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်စခန်းကနေ အပြောင်းအရွှေ့လုပ်မယ့် စစ်ကောင်စီတပ်သားတွေကို မှိန်းစိမ်းရွာအနီးမှာ ချင်းကာကွယ်ရေးတပ်-အရှို နဲ့ ဧရာဝတီပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း (APDF) တို့က ချုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး ထွက်ပြေးသွားသူတွေလည်းရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေထံကနေ MA အမျိုးအစားသေနတ် ၁ လက်၊ ဘီအေ ၆၃(G-3) အမျိုးအစားသေနတ်တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက ပဒါန်းမြို့အနီးက အမြောက်တပ် အ.မ.တ ၃၇၅ က ဆုံကုန်းရွာနဲ့ စာတတ်ကူရွာတို့မှာစစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်တို့ တပ်အနေနဲ့တော့ စခန်းကြီးတွေကို မသိမ်းနိုင်သေးပေမယ့် အခုလိုမျိုး အမ်း – မင်းဘူး ကားလမ်းတကျော ရိုးမတောထဲက စခန်းအသေးလေးတွေကိုတော့ မိုးရာသီမှာလည်း စစ်ဆင်ရေးလုပ်သွားနိုင်ဖို့ ကြိုးစားနေပါတယ်” လို့ CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်း က သံလွင်တိုင်းမ်ကိုပြောပါတယ်။

အခုကာလဟာ မိုးရာသီ ဖြစ်တဲ့အတွက် ရိက္ခာနဲ့ဆေးဝါး သယ်ယူရတာခက်ခဲမှုတွေရှိတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ဆင်ရေးတွေ အောင်မြင်အောင် လုပ်ဆောင်နိုင်ရေး ပါဝင်ကူညီကြဖို့လည်း ဆလိုင်းရိုးချင်းက တိုက်တွန်းထားပါတယ်။

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က တိုက်ပွဲတွေမကြာခဏဖြစ်ပွားထားတဲ့ အမ်း-ပဒါန်းလမ်းမပေါ်ရှိ တောတွင်းစခန်းတွေမှာလည်း စစ်ကောင်စီဘက်က အင်အား ထပ်တိုးချထားတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Chin Defence Force – Asho

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.