မော်လမြိုင် ၊ ဇူလိုင် ၁၃

မွန်လူထုတွေရဲ့ ထောက်ခံမှုရရှိခဲ့တဲ့ မွန်ညီညွတ်ရေးပါတီရဲ့ ကရင်ပြည်နယ်အခြေစိုက် မွန်တိုးတက်ရေးပါတီဟာ ပါတီမှတ်ပုံတင်ကျပြီးနောက် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာခဲ့ပါတယ်။

အချက်အလက်အနေနဲ့ ကြံ့ခိုင်ရေးပါတီကနေ ဦးဆောင်ပြီး လက်ရှိစစ်ကောင်စီရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေအပါအဝင် နိုင်ငံတကာပိတ်ဆို့အရေးယူမှုအပေါ် နိုင်ငံရေးပါတီ ၂၀ ကျော်နဲ့ ပူးတွဲထုတ်ပြန်ထားတဲ့ ကြေညာချက်တွေက သက်သေပြနေပါတယ်။

အဲဒီကြေညာချက်တွေထဲမှာ မေနှောင်းပိုင်းကစပြီး ဇွန်လဆန်းနဲ့ ဇူလိုင် ဒုတိယပတ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ ဦးဆောင်တဲ့ ပူးတွဲသဘောထားထုတ်ပြန်ချက် သုံးကြိမ်တိတိမှာ မွန်တိုးတက်ရေးပါတီ ပါဝင်လာခဲ့တာပါ။

ထူးခြားချက်အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ရှမ်းမြောက်က တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအပေါ် MNDAA ၊ TNLA ၊ AA တို့နဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ရှုံ့ချကန့်ကွက်ကြောင်း ဇူလိုင် ၁၁ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လာပါတယ်။

အဲဒီပူးတွဲကြေညာချက်မှာ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိထားတဲ့ ကြံ့ခိုင်ရေးပါတီအပါအဝင် မွန်တိုးတက်ရေးပါတီနဲ့ အခြားပါတီ ၂၀ ကျော်တို့က ဥက္ကဌတွေကိုယ်တိုင် လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ကြတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြောခွင့်ရ နိုင်မွန်စိုင်းက ဒီလိုမျိုးပါတီက ဖက်ဒရယ်အရေးကို ဦးတည်နေတာမဟုတ်ဘဲ စစ်ကောင်စီကို ထောက်ခံပြီး ကြံ့ခိုင်ရေးပါတီနဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးပမ်းတာလို့ ဝေဖန်ပါတယ်။

“ဒီပါတီမျိုးကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်စတဲ့ ဒီလမ်းကြောင်းကို ဦးတည်နေတာမဟုတ်ဘူး။ စကစကိုပဲ ထောက်ခံပြီးတော့ ကြံ့ခိုင်ရေးပါတီနဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးပမ်းဆောင်ရွက်တာလို့ပဲ ကျွန်တော်မြင်တယ်။ ဒါကြောင့် ကျွန်တော်တို့ မွန်တွေအနေနဲ့ ဒီလိုမျိုးလုပ်ရပ်ကိုတော့ လက်မခံပါဘူး။ ဒီလုပ်ရပ်မျိုး မလုပ်သင့်ဘူးလို့ မွန်နိုင်ငံရေးပါတီကိုလည်း ကျွန်တော်တို့ ပြောပြချင်တယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားတွေနဲ့ တော်လှန်ရေးအင်အားစုတွေ အားလုံးနီးပါးကလည်း ကိုယ့်ဒေသမှာ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ ရည်မှန်းချက်ရှိတဲ့အတွက် ကန့်လန့်ဖြစ်အောင် မလုပ်ဆောင်ဖို့ နိုင်မွန်စိုင်းက တိုက်တွန်းပါတယ်။

မွန်တိုးတက်ရေးပါတီအနေနဲ့ ပါတီမှတ်ပုံတင်ကျပြီး ၂ လ နီးပါးအကြာမှာ ကြံ့ခိုင်ရေးပါတီက ဦး ဆောင်တဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲမှာ ပထမဦးဆုံး ပါဝင်ခဲ့ပါတယ်။

အလားတူ ဆန့်ကျင်ကန့်ကွက်တဲ့ ပူးတွဲသဘောထားကြေညာချက်တွေမှာလည်း ကြံ့ခိုင်ရေးပါတီနဲ့အတူ မွန်တိုးတက်ရေးပါတီက စစ်ကောင်စီကိုထောက်ခံတဲ့ အခြားပါတီ ၂၀ ကျော်နဲ့အတူ စတင်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဇွန် ၅ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ NUG အပါအဝင် CRPH ၊ PDF နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်တဲ့ ပူးတွဲသဘောထားကြေညာချက်မှာလည်း ပါဝင်ခဲ့ပါသေးတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ မွန်တိုးတက်ရေးပါတီက စစ်ကောင် စီကို ထောက်ခံတဲ့ပါတီတွေနဲ့ပေါင်းပြီး ထုတ်ပြန်ကြေညာချက်တွေမှာ ပါဝင်နေတာဟာ အံ့ဩစရာမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အာဏာရှင်စနစ်ကို တိုက်ဖျက်ရေးဆိုတဲ့ ပါတီရဲ့ ဦးတည်ချက်တွေကို ဆန့်ကျင်ပြီးတော့ ပြည်နယ်အကျိုး၊ မွန်လူမျိုးတွေရဲ့ အကျိုးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဒီနေ့အထိပဲ ဖြစ်တဲ့အတွက် အခုလိုမွန်တိုးတက်ရေးပါတီက ကြံ့ဖွတ်ပါတီတို့ စကစထောက်ခံတဲ့ ဘောမပါတီတွေနဲ့ ပူး‌ပေါင်းပြီးတော့ အခုလိုထုတ်ပြန်ကြေညာချက်တွေမှာ ပူးပေါင်းပါဝင်တယ်ဆိုတဲ့အပေါ် ကျွန်တော့်အနေနဲ့ ဘာမှအံ့ဩစရာမဟုတ်ဘူးလို့ ပြောချင်တယ်”လို့ ဆိုပါတယ်။

မွန်တိုးတက်ရေးပါတီဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်ကြာတဲ့အချိန်ကာလရောက်မှသာ ကရင်ပြည်နယ်အခြေစိုက် မွန်နိုင်ငံရေးပါတီအဖြစ် ပြည်သူလူထုတွေကို စတင်မိတ်ဆက်ပေးခဲ့တာပါ။

အကြောင်းကတော့ စစ်ကောင်စီ ပြန်လည်ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့် တစ်နိုင်ငံလုံးစည်းရုံးမယ့် ပါတီအဖြစ် ရပ်တည်ခဲ့တဲ့ မွန်ညီညွတ်ရေးပါတီက ပြည်နယ်အ ဆင့် မှတ်ပုံတင်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ နှောင်းပိုင်းမှာ ပါတီဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်အတွက် မွန်ညီညွတ်ရေးပါတီက စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားပေမယ့် ပါတီမှတ် ပုံတင် မကျလာခဲ့ပါဘူး။

ဒါကြောင့် ကရင်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ မွန်ညီညွတ်ရေးပါတီက နိုင်ငံရေးပါတီအဖြစ် ရပ်တည်ဖို့ ပြည်နယ်အခြေစိုက် မွန်တိုးတက်ရေးပါတီအမည်နဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်နှောင်းပိုင်းမှာ ပါတီတည် ထောင်ခွင့် လျှောက်ခဲ့ပါတယ်။

အဲဒီကနေတဆင့် မွန်တိုးတက်ရေးပါတီဟာ နိုင်ငံရေးပါတီအဖြစ် အခုနှစ်ဖေဖော်ဝါရီမှာ ရွေး ကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခွင့်လျှောက်ခဲ့ပြီး ဧပြီ ၁ ရက်နေ့မှာတော့ ပါတီမှတ်ပုံတင်ခွင့်ကျလာတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ပူးတွဲသဘောထားထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး မွန်တိုးတက်ရေးပါတီကို မေးမြန်းဖို့ ပါတီဥက္ကဌအပါအဝင် ပါတီနီးစပ်သူတွေထံ ၃ ကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-USDP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.