သံတွဲ၊ ဇူလိုင် ၁၂

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေအနီးက စစ်ကောင်စီရဲ့ အမှတ် ၅၅ ခြေလျင်တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဇူလိုင် ၁၁ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ခလရ ၅၅ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က ဇူလိုင် ၉ ရက် မနက် ၉ နာရီခွဲအချိန်ခန့်မှာ သိမ်းပိုက်ရရှိခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် သံတွဲမြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကူစစ်ကြောင်းတွေဟာ မြို့အနီးပတ်ဝန်းကျင်မှာ ခုခံစစ် ပြင်ဆင်နေတာကြောင့် မြို့တစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ AA က အသိပေးထားပါတယ်။

မောင်တောဒေသအတွင်း စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် စခန်းတစ်ခုဖြစ်တဲ့ နခခ (၅) မြို့သူကြီးစခန်းအား ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီဘက်မှလည်း မောင်တောမြို့မကျရေးအတွက် မြို့အတွင်းမှာ ခုခံစစ်စခန်းတွေ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မောင်တော နခခ (၅) အနီးက စခန်းတစ်ခုဖြစ်တဲ့ မကျည်းချောင်း နယ်ခြားစောင့်တပ်စခန်းကို ဇူလိုင် ၁၁ ရက် မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်သား အလောင်း၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းအများအပြားနဲ့အတူ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မကျည်းချောင်းစခန်းဟာ စစ်တွေမြို့ အခြေစိုက် ဒကစ လက်အောက်ခံ ခလရ ၂၆၃ တပ်ရင်းနဲ့ အခြားသောစခန်းမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နယ်ခြားစောင့်ရဲတွေဖြစ်ပြီး စစ်ကောင်စီတပ်သား ၃၀ နီးပါး ဘင်္ဂဘားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို စက်လှေနဲ့ ထွက်ပြေးသွားတယ်လို့ AA က ဆိုပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းအချို့နဲ့ ငပလီ (မဇင်) လေဆိပ်ကိုလည်း စစ်ကောင်စီတပ်သား အလောင်းတွေနဲ့အတူ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.