“စစ်တပ်ကနေပြီး ဖြတ်လေးဖြတ် အနေအထား ကန့်သတ်လိုက်တဲ့အခါမှာ ကုန်ဈေးနှုန်းတွေ ပိုမြင့်လာပြီး လူထုက ခက်ခဲကြပ်တည်းလာတယ်။ လူထုခက်ခဲလာတော့ ကျွန်တော်တို့လည်း ခက်ခဲလာတယ်”
ကိုမင်းလွင်ဦး (ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ)
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီးတဲ့နောက် အာဏာရှင်စနစ်ကို အလိုမရှိတဲ့ ပြည်သူတွေဟာ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်တော်လှန်ခဲ့ပါတယ်။ အာဏာသိမ်းကာလ ၃ နှစ်ကျော်လာတဲ့ အခုလိုအချိန်မျိုးအထိ စစ်အာဏာရှင်ကို အကြမ်းမဖက်ဘဲ ဆန္ဒပြပွဲတွေနဲ့ ဆန့်ကျင်တော်လှန်နေကြတဲ့အထဲမှာ နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းထဲက ထားဝယ်ခရိုင်လည်း အပါအဝင်ဖြစ်ပါတယ်။
အခုလိုမျိုး ဆန္ဒပြလှုပ်ရှားမှုတွေကို ကိုယ်တိုင်လုပ်ဆောင်ဖို့၊ ပြည်သူတွေ လိုက်ပါလာအောင် စည်းရုံးဖို့ ဘယ်လိုအခက်အခဲတွေရှိနေပါသလဲ။ ထားဝယ်ခရိုင်ဒေသအတွင်းက ပြည်သူတွေနဲ့တသားတည်းရှိနေတဲ့ သပိတ်ကော်မတီဝင်တွေ၊ သပိတ်လှုပ်ရှားဆောင်ရွက်နေကြသူတွေ ဘယ်လိုရပ်တည်နေကြရပါသလဲ။ နောက်ပြီး ကော်မတီအဖွဲ့အနေနဲ့ ပြည်သူလူထုကို ဘာတွေ အသိပေးချင်လဲဆိုတာ သိရဖို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) က တာဝန်ခံ ကိုမင်းလွင်ဦးနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးကြည့်ထားပါတယ်။
မေး – အရင်ဦးဆုံးအနေနဲ့ လက်ရှိ ထားဝယ်ခရိုင်သပိတ်ကော်မတီအနေနဲ့ သပိတ်လှုပ်ရှားမှု အခြေအနေ ဘယ်လိုရှိလဲ ပြောပြပေးပါ။
ဖြေ – လက်ရှိအခြေအနေထိတော့ ပုံမှန်လူထုသပိတ်လှုပ်ရှားမှုတွေ ပြုလုပ်နေတုန်းပဲ။ အဓိက အခြေခံနယ်မြေကတော့ လောင်းလုံးမှာပဲအဓိကလှုပ်ရှားဖြစ်တယ်။ ထားဝယ်ခရိုင်သပိတ်ကော်မတီကတော့ ထားဝယ်ခရိုင် လေးမြို့နယ်လုံးက ကော်မတီအပါအဝင်ပေါ့ဗျာ။
ကျွန်တော်တို့ အဓိက လှုပ်ရှားတဲ့နယ်မြေကတော့ လောင်းလုံးဆိုပေမဲ့ ကျန်တဲ့မြို့နယ်တွေမှာလည်း ထားဝယ်မြို့နယ်တို့ သရက်ချောင်းမြို့နယ်တို့ အဆင်ပြေရင်ပြေသလို ကြည့်ပြီးတော့ လှုပ်ရှားနေတာမျိုးလည်း ရှိပါတယ်။
မေး – အဲဒီလို သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်တဲ့ အခါမှာ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရလဲ။
ဖြေ – စစ်ကောင်စီကနေပြီးတော့ သပိတ်လှုပ်ရှားတဲ့လူငယ်တွေကို လိုင်းပေါ်ဓာတ်ပုံ တက်လာတယ်ဆိုရင် တစ်ခါတလေ မြို့နယ်ဂိတ်တွေမှာ အဲဒီဓာတ်ပုံပြပြီးတော့ စစ်တဲ့ဟာမျိုးရှိတယ်။ သပိတ်လှုပ်ရှားတဲ့ လူငယ်တွေကို ခြိမ်းခြောက်တဲ့နည်းလမ်းပေါ့။
အဲဒီလိုမျိုးအခြေအနေရှိတယ်။ ကျွန်တော်တို့ဆိုရင်လည်း သပိတ်လှုပ်ရှားတယ်ဆိုပြီးတော့ ခြိမ်းခြောက်တာ ဝရမ်းထုတ်တာမျိုး ရှိတယ်။ ကျွန်တော်တို့ကို ဆုငွေထုတ်တာမျိုးတောင်ရှိတယ်။ အဓိကပြောချင်တာတော့ သပိတ်လှုပ်ရှားနေတဲ့ လူငယ်တွေကို စစ်ကောင်စီက အသက်အန္တရာယ် ဖြစ်အောင် လုပ်နေတာပေါ့။ အဲဒီအထဲကပဲကြားမှာ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ရပ်ရွာတွေမှာဆိုရင်လည်း တချို့ပေါ့။
ပကဖရဲ့ အဓိကအမာခံထောက်ပို့တွေပေါ့ဗျာ။ အားလုံးကိုတော့ ဆိုလိုတာမဟုတ်ဘူး။ တချို့တလေပေါ့။ သူတို့ကနေပြီးတော့ ရွာထဲမှာသပိတ်ထွက်တဲ့ ဟာမျိုးဆိုရင် မကြိုက်တဲ့ဟာမျိုးဗျာ။ သပိတ်ထွက်လို့ ဘာမှထူးလာမှာမဟုတ်ဘူး။ သပိတ်ကမလိုဘူး။ ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာ။
ရွာထဲမှာ အဲဒီလိုမျိုးတွေ နီးစပ်ရာဝါဒဖြန့်တာမျိုးတွေလည်း ကျွန်တော်တို့ ကြုံခဲ့ရပြီးပြီ။ တချို့ရွာတွေမှာဆိုရင် သပိတ်လိုက်နေတာ။ ဘယ်သူ ဘယ်သူ တွေလဲ ဆိုပြီးတော့ စာရင်းအနေနဲ့မှတ်ပြီးတော့ ရွာထဲကိုစစ်ကောင်စီက စစ်ကြောင်းထိုးလာရင် ဒီလူ ဒီလူတွေကြောင့်ဆိုပြီး လက်ညှိုးထိုးဖို့ ပုံစံမျိုးနဲ့ လုပ်ခဲ့တဲ့ဟာတွေလည်း ကျွန်တော်တို့ ကြုံခဲ့ရတယ်ဗျ။ ဒါကတော့ ကျွန်တော်တို့ရဲ့ ကြုံနေရတဲ့ အခက်အခဲတွေပေါ့ဗျာ။
ပြီးတော့ နောက်တစ်ခုအခြေအနေက ကျွန်တော်တို့ဆီမှာ စစ်မှုထမ်းဥပဒေနဲ့ ပြဌန်းထဲဟာမျိုးဆိုရင် စစ်တပ်ကနေပြီးတော့ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ်တော်တော်များများ၊ ပြည်ပကိုထွက်သွားတဲ့ လူငယ်တော်တော်များများ ရှိလာတဲ့အနေအထားပေါ့။ အဲဒီတော့ လူငယ်တွေ တော်တော်ရှားလာတဲ့ အနေထားမျိုး ကြုံရတာပေါ့။
သူတို့တွေမှာအင်အား ချိနဲ့လာတယ်။ စစ်ကောင်စီက တစ်ခါ စစ်ကြောင်းထိုးလာရင် သပိတ်လူငယ်အင်အား နည်းလာတယ်ပေါ့။ စစ်ကြောင်းထိုးလာတာနဲ့ မိဘတွေက သားသမီးတွေရဲ့ လုံခြုံရေးအတွက် အိမ်မှာမထားရဲဘဲ ပြည်ပကို လွှတ်တာမျိုးတွေ တစ်နေရာကို လွှတ်ပြီးတော့ ပညာသင်ခိုင်းတာမျိုးတွေ ဆိုတာလည်း ရှိတဲ့အခါကျတော့ လူငယ်အင်အား နည်းလာတဲ့ အနေအထားမျိုး ကြုံနေရတာပေါ့။
အတတ်နိုင်ဆုံး ကျွန်တော်တို့လည်း လူထုစည်းရုံးရေးတွေ လုပ်ပြီးတော့ လူငယ်တွေကြားမှာ လူထုလှုပ်ရှားရေး အရေးပါတဲ့အကြောင်း ပြောပြီးတော့ နိုင်ငံရေးအရ စစ်တပ်ကိုထိုးနှက်ဖို့ အရေးကြီးတယ်ဆိုပြီး လူထုစည်းရုံးရေးလုပ်ပြီးတော့ အင်အား ပြန်စုနေတာမျိုးတော့ရှိတာပေါ့။
မေး – ထားဝယ်ခရိုင်အတွင်းက မြို့နယ်တွေမှာ ဖြတ်လေးဖြတ် လုပ်ခံထားရတာဟာ သပိတ်ကော်မတီအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိနေလဲ။
ဖြေ – စစ်တပ်ရဲ့ဖိနှိပ်မှုက ပြည်သူလူထုကို ထိခိုက်တယ်ဆိုရင် ကျွန်တော်တို့ သပိတ်အင်အားစုကိုလည်းထိခိုက်တာပဲ။ ကျွန်တော်တို့လည်း ပြည်သူလူထု ထောက်ခံမှုနဲ့ လူထုလှုပ်ရှားမှုတွေ လုပ်နေရတယ်ဆိုတော့ ပြည်သူတွေဆင်းရဲတယ်ဆိုရင် ကျွန်တော်တို့လည်း ဆင်းရဲတယ်။ ကျွန်တော်တို့လည်း ဝန်ထုတ်ဝန်ပိုးတွေ ပိုဖြစ်လာစေတာပေါ့ဗျာ။
ဥပမာ ကျွန်တော်တို့ဆီမှာ လူမှုကူညီရေး ဆပ်ကော်မတီ ရှိတယ်။အဲဒီ လူမှုကူညီရေး ဆပ်ကော်မတီကလည်း တတ်နိုင်သလောက်တော့ ပြည်သူတွေကို ကူညီတာရှိတယ်။ ပြောချင်တာကတော့ စစ်တပ်ကနေပြီး ဖြတ်လေးဖြတ် အနေအထား ကန့်သတ်လိုက်တဲ့အခါမှာ ကုန်ဈေးနှုန်းတွေ ပိုမြင့်လာပြီး လူထုက ခက်ခဲကြပ်တည်းလာတယ်။လူထုခက်ခဲလာတော့ ကျွန်တော်တို့လည်း ခက်ခဲလာတယ်။ အဲဒီလိုမျိုးအခြေအနေတော့ ရှိတာပေါ့ဗျာ။
မေး – DDMSC အနေနဲ့လည်း အခုလို သပိတ်စစ်ကြောင်းတွေ မကြာခဏ ပြုလုပ်တဲ့အပေါ်မှာ ပြည်သူလူထုကို ဘာများ အသိပေး ပြောချင်တာရှိလဲ။
ဖြေ – အဓိကကတော့ သိတဲ့အတိုင်းပဲ။ ကျွန်တော်တို့ရဲ့ အကြမ်းမဖက်တဲ့ လူထုတော်လှန်ရေး စတင်ခဲ့တယ်ပေါ့။ အခုထိလည်း တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ သပိတ်ကော်မတီတွေ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ စီမံဆဲပေါ့။ အခုပြန်ပြီး ကြိုးစားနေတာမျိုးရှိတယ်။
ပြောချင်တာက ဘာလဲဆိုတော့ စစ်တပ်ကို စစ်ရေးအရ တိုက်ခိုက်သလို နိုင်ငံရေးအရ တိုက်ခိုက်ဖို့လည်း လိုတယ် ဆိုတာကို ကျွန်တော်တို့က ပြည်သူလူထုကို အဓိက ထားပြီးတော့ ပြောချင်တယ်။ ဘာလို့လဲဆိုတော့ စစ်တပ်က စစ်ရေးအရ အခုအချိန်မှာ အရေးနိမ့်တယ်ဆိုတာမျိုး တွေ့လာရပြီဗျာ။ တွေ့လာတဲ့အခါမှာလည်း စစ်တပ်ရဲ့ အာဏာကို ထောက်ပေးထားတဲ့ဟာထဲမှာ နိုင်ငံရေးအရလည်း ပါတယ်။ အခြေခံ စီးပွားရေးအရလည်းပါတယ်။
နိုင်ငံရေး အခြေခံစီးပွားရေး ထောက်တိုင်တွေကို ကျွန်တော်တို့ လူထုတော်လှန်ရေးနဲ့ ဖြုတ်ချလို့ရတယ်လို့ ကျွန်တော်တို့က လူထုကိုပြောချင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ လူထုတော်လှန်ရေးလို့ ပြောမယ်ဆိုရင် လူထုက ကိုယ့်ရဲ့အကျိုးစီးပွားကို ကိုယ်တိုင်သိပြီးတော့ ကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲဝင်ရမယ် ဆိုတဲ့ အသိတွေကို ကျွန်တော်တို့က တောက်လျှောက်ထည့်ထားဖို့ လိုပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media