ရေး၊ ဇူလိုင် ၁၀

မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာ တောင်စွန်းလမ်းဝမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီနဲ့ပြည်သူ့ စစ်ပူးပေါင်းအဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ရော်ဘာခြံပိုင်ရှင်တစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီပူးပေါင်းအဖွဲ့ ကင်းပုန်းဝပ်နေချိန် ဆိုင်ကယ်တစ်စီးတည်း စီးနင်းလာတဲ့ လူငယ်နှစ်ဦးကို ဝိုင်းဝန်းပစ်ခတ်ရာကနေ ရော်ဘာခြံက ပြန် လာတဲ့ ခြံပိုင်ရှင်တစ်ဦး ထိမှန်သေဆုံးခဲ့တာပါ။

စစ်ကောင်စီပူးပေါင်းအဖွဲ့ ပစ်ခတ်မှုကြောင့် အာယုတောင်ဒေသခံ ရော်ဘာခြံပိုင်ရှင် အသက် ၅၀ အရွယ် ဦးဝင်းဟာ ရင်ဘတ်နဲ့နောက်ကျော၊ ဝမ်းဗိုက်တွေမှာ ကျည်ထိမှန် ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ဦးဝင်းရဲ့ ရုပ်အလောင်းကို စစ်ကောင်စီဘက်က ရေးဆေးရုံထံ ပို့ ဆောင်ခွင့်မပြုဘဲ ကျေးရွာမှာသာ နာရေးပြုလုပ်ဖို့ ဖိအားပေးခိုင်းစေးခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

အာယုတောင်ကျေးရွာ အနီးပတ်ဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာတဲ့အတွက် ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီဘက်က ကင်းပုန်းလာဝပ်တာတွေ ရှိနေပါတယ်။

မွန်ပြည်နယ်မှာ တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ စစ်ကောင်စီက အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူ မစီးဖို့အပါအဝင် စည်းကမ်းတင်းကျပ်တဲ့ ဒေသန္တရအမိန့်အမျိုးမျိုး ထုတ်ပြန်ထားပြီး လက်နက်ကြီးပစ်ခတ်မှု နေ့စဉ်နဲ့အမျှ ပြုလုပ်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.