စဉ့်ကူး၊ ဇူလိုင် ၉

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်း ၁၁ ခုကို သိမ်းပိုက် ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ MDY PDF က ဇူလိုင် ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စဉ့်ကူးမြို့နယ်က ရွှေပြည်ရဲစခန်း ၊ လက်ပန်လှရဲစခန်း ၊ ကျည်တောက်ပေါက်တပ်စခန်း ၊ ကန်တောင်တပ်စခန်းနဲ့ ပင်လယ်ကြီးတပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး စုစုပေါင်းတပ်စခန်း ၁၁ ခုအထိ သိမ်းပိုက်ရရှိခဲ့တာပါ။

စဉ့်ကူးစစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်အပါအဝင် ၁၅ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ချ အလင်းဝင်တဲ့ ပျူစောထီးတပ်ဖွဲ့တွေလည်းရှိတယ်လို့ ဆိုပါတယ်။

မန္တလေး PDF ဟာ စဉ့်ကူးစစ်ဆင်ရေးမှာ ကနဦးအနေနဲ့ ဒိုးနွယ်ရွာတပ်စခန်း ၊ နမ့်ဟပ်ရွာတပ်စခန်း ၊ မာလဲဆည် ရှင်းလင်းဆောင်တပ်စခန်း ၊ ရွှေမာလဲစေတီတပ်ခစန်း ၊ ရွာတော်လေးတပ်စခန်းနဲ့ နွယ်ရုံ ရဲစခန်းအပါအဝင် တပ်စခန်းခြောက်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဇူလိုင် ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ချပေးတဲ့ လက်နက်ခဲယမ်းတွေအထုပ်တွေအပါအဝင် အခြားသော လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိထားသလို သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

မန္တလေး PDF ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အတူ ရှမ်းပြည် နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းတို့က စစ်ကောင်စီတပ်စခန်းတွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MDY PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.