ကော့ကရိတ်၊ ဇူလိုင် ၉

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာမှာ ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ ဇူလိုင် ၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ ကော့ဘိန်းကျေးရွာ နယ်မြေ ၁၀ အပိုင်ရှိ ဒေသခံနေအိမ်တဝိုက်ကို ဒရုန်းနှစ်စီးပျံဝဲပြီးနောက် ဒရုန်းဗုံးလေးလုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။

ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအသက် ၆၀ အရွယ် ဒေါ်ခွားမိဟာ ဝမ်းဗိုက်ဗုံးစဖောက်ဝင်ဒဏ်ရာနဲ့ အူထွက်ဒဏ်ရာတွေရရှိပြီး မော်လမြိုင်ဆေးရုံသို့ ပို့ဆောာင်ကုသစဉ် သေဆုံးသွားပါတယ်။

ဒေါ်ခွားမိရဲ့ကိုယ်ပိုင်အိမ်ဟာ သစ်သားအိမ်ဖြစ်တဲ့အတွက် လက်နက်ကြီးနဲ့ ဒရုန်းဗုံး အန္တရာယ်စိုးရိမ်တာကြောင့် တိုက်အိမ်ဖြစ်တဲ့ အသိနေအိမ်မှာ ညတိုင်းသွားအိပ်ရာမှ အခုလိုဖြစ်ပွားခဲ့ရတာလို့ ဒေ သခံတွေက ဆိုပါတယ်။

ဒရုန်းဗုံးမှန်သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ အလောင်းကိုတော့ ဒီနေ့ ဇူလိုင် ၉ ရက်နေ့ နေ့လည်ပိုင်းမှာ မော်လမြိုင်ကနေ နေအိမ်ပြန်သယ်ပြီး နာရေးပြုလုပ်သွားမယ်လို့ သိရပါတယ်။

စစ်တပ်ပြန်လည်စိုးမိုးထားတဲ့ ဂျိုင်းမြစ်ဝှမ်းဒေသမှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင် အားစုပူးပေါင်းတပ်တို့ကြား ဒရုန်းနဲ့အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင် အားစုအဖွဲ့တွေကလည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ် ဘုရားကြီးကျေးရွာထဲကို စစ်သင်္ဘောကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.