အက်ဘီယက်တီဘရက်ဆို၊ ဇွန် ၁၈

အီတလီနိုင်ငံ အက်ဘီယက်တီဘရက်ဆိုမြို့ကနေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဖြစ်မှုဆုကို သားဖြစ်သူ ကင်အဲရစ်က ကိုယ်စား လက်ခံရယူခဲ့ပါတယ်။

အသက် ၄၇ နှစ်အရွယ် ကင်အဲရစ်က သူ့ရဲ့ အသက် ၇၉ နှစ် အရွယ် မိခင် ဘယ်နေရာမှာ ထိန်းသိမ်းခံထားရသလဲဆိုတာ မသိရသလို သူ့ရဲ့ကျန်းမာရေး အခြေအနေကိုလည်း မသိရဘူးလို့ ပြောပါတယ်။

အရင်က နိုင်ငံတော် အတိုင်ပင်ခံရာထူးကို တာဝန်ယူခဲ့တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဇွန် ၁၉ ရက်မှာ ၇၉ နှစ်ပြည့်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့အနေနဲ့ နောက်ထပ် မွေးနေ့တစ်ခုကို ထောင်ထဲမှာပဲ ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။

စစ်အစိုးရကို ဆန့်ကျင်ပြီး ဒီမိုကရေစီအတွက် ကတိပြုခဲ့တာကြောင့် သူ့ဘဝရဲ့ လေးပုံတစ်ပုံကို နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ဆုံး အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

သူကိုလက်ရှိ ဘယ်နေရာမှာ ထားထားသလဲဆိုတာ ဘယ်သူမှ မသိကြသလို သူ့သားတွေဖြစ်တဲ့ အလက်ဇန်းဒါးအဲရစ်နဲ့ ကင်အဲရစ်တို့လည်း မသိရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပမှာပညာသင်ယူခဲ့ပြီး အဲဒီမှာ သူ့ရဲ့ခင်ပွန်းလောင်း မိုက်ကယ်အဲရစ်နဲ့ ဆုံစည်းခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံသို့ ပြန်လာပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ သူ့ဆီကို သူ့အမျိုးသားဟာ ၅ ကြိမ် လာရောက် တွေ့ဆုံခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ကင် ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။

သားငယ်ဖြစ်သူကင်က သူ့မိခင်ကြီးအတွက် ချီးမြှင့်တဲ့ ဂုဏ်ပြုဆုကို အက်ဘီယက်တီဘရက်ဆိုမြို့သို့ လာရောက်ပြီး ကိုယ်စားလက်ခံရယူခဲ့ပါတယ်။

၁၉၉၁ ခုနှစ်မှာ နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရချိန်ကလည်း အဲဒီအချိန်က အသက် ၁၈ နှစ် အရွယ် အလက် ဇန်းဒါးနဲ့ ၁၄ နှစ်အရွယ်ကင်တို့က သူ့တို့ရဲ့ မိခင်ကိုယ်စား ဆုလက်ခံခဲ့ကြပါတယ်။

အီတလီမှာ ကျင်းပတဲ့ဆုပေးပွဲသို့ အီတလီဒေသဆိုင်ရာ အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။

ကင်က သူ့အနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး စစ်ကောင်စီ ရှုံးနိမ့်ရမယ်လို့ ယုံ ကြည်ကြောင်း ပြောကြားထားပါတယ်။

မိခင်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ကင်က တောင်းဆိုပြီး မေမေ့ ကျန်းမာရေးအတွက် စိုးရိမ်မိတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာမသိမ်းခင် စကားပြောဖြစ်ခဲ့ပေမယ့် အခုဆို စကားမပြောရတာ သုံးနှစ်ကျော်နေပြီလို့ ကင်ကပြောပါတယ်။ မြန်မာနိုင်ငံမှာ လူတိုင်းလွတ်မြောက်မှ ဖြစ်မယ်လို့လည်း ကင်ကပြောကြားခဲ့ပါတယ်။

Ref:AsiaNews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.