ရေးချောင်းဖျား ၊ ဇွန် ၁၇
မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးရေစီးကြောင်းဟာ စစ်ဘောင်ကျယ်ပြန့်လာနေတာကြောင့် လက်နက်ကိုင်တိုက်ပွဲနဲ့သာ နိုင်ငံရေးလမ်းဖောက်ရမယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD ဒုခေါင်းဆောင် (၁) နိုင်ဗညားလယ်က ပြောဆိုလိုက်ပါတယ်။
ဇွန် ၁၅ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့တဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲမှာ သူက မွန်ဘာသာနဲ့ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။
နိုင်ဗညားလယ်က လက်ရှိနိုင်ငံရေးရေစီးကြောင်းဟာ နိုင်ငံရေးဘောင်ကျဉ်းမြောင်းလာပြီး စစ်ရေးဘောင် ကျယ်ပြန့်လာနေတာကြောင့် မိမိတို့ အနေနဲ့ လက်နက်ကိုင်တိုက်ပွဲနဲ့သာ နိုင်ငံရေးလမ်းဖောက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်နက်ကိုင်တိုက်ပွဲအောင်မြင်နိုင်ဖို့ စစ်ရေးကို အားပေးရမှာဖြစ်ပြီး စစ်ရေးကသာ ပထမ၊ ဒုတိယနဲ့ တတိယ ဖြစ်တာကြောင့် စစ်အင်အားရှိပြီး ပြည်သူလူထုထောက်ခံမှုရှိရင် ရန်သူကို ခြိမ်းခြောက်နိုင်သလို ဘဝတူမဟာမိတ်တွေလည်း မိမိတို့အပေါ် လေးစားနိုင်လိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။
ဒါကြောင့် ဘယ်လိုအခက်အခဲရှိရှိ စစ်အင်အား တောင့်တင်းလာဖို့ မိမိတို့ အားထုတ်ကြိုးပမ်းရမှာဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲလမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့ ရဲဘော်တွေအနေနဲ့လည်း အောင်ပွဲရတဲ့အထိ အဆက်မပြတ် လုပ်ဆောင်ကြဖို့ နိုင်ဗညားလယ်က တိုက်တွန်းပါတယ်။
အပစ်ရပ်ထိုး တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်း မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ခဲ့တဲ့ NMSP AD ဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ အခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စစ်ကြေညာခဲ့ပါတယ်။
အဲဒီနောက်ပိုင်း လှုပ်ရှားနယ်မြေတချို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တချို့ကို ဖမ်းဆီးကာ လက်နက်တွေ သိမ်းဆည်းခဲ့သလို ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ကြားဖြတ်တိုက်ခိုက်တာတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် မွန်ပြည်သစ်ပါတီ AD ရဲ့ လက်နက်ကိုင်တိုက်ပွဲတွေထဲက မွန်နဲ့ကရင်အစပ် ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းမှုကနေ စခဲ့တဲ့ ဂျိုင်းမြစ်ဝှမ်းဒေသတိုက်ပွဲမှာတော့ အပြင်းထန်ဆုံးဖြစ်ခဲ့သလို ပေးဆပ်မှုကြီးမားခဲ့ပါတယ်။
ဂျိုင်းမြစ်ဝှမ်းတိုက်ပွဲအတွင်း မွန်ပြည်သစ်ပါတီ AD ဘက်က ရဲဘော်တွေရဲ့ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ခဲ့ရသလို မွန်လူမျိုးတွေရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ပျော့ပျောင်းအောင် ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်ကို မီးရှို့ဖျက်ဆီးပြီး ခိုးယူလုယက်မှုတွေလည်း အများအပြားရှိခဲ့တာပါ။
ဒါကြောင့် နိုင်ဗညားလယ်က ရဲဘော်တွေရဲ့ အသက်ပေးဆပ်မှုတွေနဲ့ ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေအပေါ် မိမိတို့ အကြွေးတင်သွားခဲ့ပြီဖြစ်တဲ့အတွက် အကြွေးကြေဖို့ အောင်ပွဲတွေနဲ့ သွေးကြွေးဆပ်သွားမယ်လို့ ဆိုပါတယ်။
တကယ်လို့ အောင်ပွဲတွေ အမျိုးသားအခွင့်အရေးတွေ ရယူဖန်တီးမပေးနိုင်ရင် တစ်နေ့မှာ တော်လှန်ရေးသမိုင်းဆိုးအဖြစ် ကျန်ရစ်လိမ့်မှာဖြစ်တာကြောင့် အောင်ပွဲရဖို့ အဆုံးထိတိုက်ပွဲဝင်သွားရမယ်လို့ နိုင်ဗညားလယ်က ရဲဘော်တွေကို ထပ်မံ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP AD