ရေး၊ ဇွန် ၁၈

မွန်ပြည်နယ်မှာ တစ်ခုတည်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့မှာ စစ်ကောင်စီဘက်က ဧည့်စာရင်းအကြောင်းပြချက်နဲ့ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုတွေ ပိုများလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ကစပြီး ရေးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ သီရိနန္ဒာနဲ့ အဏ္ဏဝါရပ်ကွက်တို့မှာ ညတိုင်းနီးပါး ဧည့်စာရင်းဝင်စစ်နေပြီး မထင်ရင်မထင်သလို ဖမ်း ဆီးသွားတာတွေ ရှိနေပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်စစ်ဆေးမှုတွေကြောင့် ဧည့်စာရင်း မတိုင်ထားတဲ့သူတွေအပါအဝင် ဒေသခံ ၂၀ နီးပါး ဖမ်းဆီးခံလိုက်ရပြီး အများစုက ငွေပေးပြီး ပြန်လွတ်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဧည့်စာရင်းဝင်ရောက် စစ်ဆေးမှုတွေကြောင့် မြို့ရပ်ကွက်တွေရှိ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဧည့်စာရင်းတိုင်ကြားသူများလာပြီး စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက ဧည့်စာရင်းတိုင်တဲ့သူတွေကို တစ်ဦးလျှင် ငွေကျပ်တစ်သောင်းနှုန်း တောင်းခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုတွေဟာ စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေနဲ့ ရေးမြို့ပေါ်ရှိ မြို့မရဲ စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

စစ်ကောင်စီနဲ့နီးစပ်သူတွေ အဆိုအရ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ အချိန်မရွေးတိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်ခိုအောင်းမှုမရှိအောင် လုံခြုံရေးအထူးတင်းကျပ်ထားဖို့နဲ့ သတင်းလက်ဦးမှု ရယူထားဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ရေးမြို့နယ်နဲ့အတူ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ မွန်ပြည် နယ် မြောက်ပိုင်းက ကျိုက်ထိုမြို့နယ်မှာလည်း စစ်ကောင်စီဘက်က လုံခြုံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီး စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အစီရင်ခံစာအရ မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူ ၁၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၂၇၀ နီးပါး သတ် ဖြတ်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.