ကျနော်တို့ လိုနေတဲ့ အခက်အခဲကဘာလဲဆိုတော့ လက်နက်ခဲယမ်းပဲ။ ရဲဘော်တွေ အယောက်တိုင်း အယောက်တိုင်း အကုန်လုံးကို လက်နက်တပ်ဆင်ပေးချင်တယ်

– ရေးဘီလူးအဖွဲ့ခေါင်းဆောင်

မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့သူတွေထဲမှာ အဓိကအားဖြင့် မွန်ပြည်နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ ရေးဘီလူးအဖွဲ့ကို ပြည်သူတွေ သိရှိ သတိထားမိနေခဲ့တာကြာပါပြီ။ ရေးတခွင်မှာ အာဏာရှင်စနစ် အထူးသဖြင့် စစ်ကောင်စီကို တွန်းလှန်တဲ့နေရာမှာ ယနေ့အချိန်အထိ အင်တိုက်အားတိုက် လုပ်ဆောင်နေတာကိုလည်း မြင်တွေ့ရပါတယ်။

ဒီအင်တာဗျူးမှာတော့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်နဲ့ တော်လှန်ရေးသမား တစ်ယောက်အဖြစ် ဖြတ်သန်းပုံတွေ၊ သူ့ရဲ့ တော်လှန်ရေးကာလအတွေ့အကြုံတွေ၊ အခက်အခဲတွေ၊ လိုလားတောင်းဆိုချက်တွေ၊ မျှော်လင့်ချက်တွေကို သံလွင်တိုင်းမ်က အခုလိုပဲမေးကြည့်ထားပါတယ်။

မေး – ပထမဆုံးတော်လှန်ရေးသမားတစ်ယောက်အဖြစ် ခံယူဖြစ်ခဲ့ပုံလေးကို စပြောပေးပါဦး။

ဖြေ – အာဏာသိမ်းပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ လူတွေပေါ့၊သပိတ်လမ်းကြောင်းတွေ နဲ့ ဆန္ဒပြခဲ့တယ်၊ ကမ္ဘာ့ကသိစေမြင်စေအောင် ဆန္ဒပြခဲ့ပေမယ့် ဘယ်သူမှအသိအမှတ်မပြုတဲ့အခြေအနေမျိုးတွေ သိလာမြင်လာရတယ်။ ၅၀၅ (က)တွေ ထုတ်ပြန်ခံရတယ်။ ဒီမိုကရေစီလမ်းစဉ်ကိုလိုချင်ရင် လက်နက်ကိုင်၊ တော်လှန်ရေး လမ်းစဉ်ကပဲ ရယူမှပဲ ပြန်ရမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချပြီး လက်နက်ကိုင် တော်လှန်ရေး ခေါင်းစဉ်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်။

မေး – ကိုယ့်ရဲ့ ခံယူချက်ကြောင့် မိသားစုဝင်ကို စစ်ကောင်စီက ဘယ်လိုမျိုး ထိခိုက်အောင်လုပ်ဆောင်ခဲ့လဲ။

ဖြေ – တော်လှန်ရေး လမ်းစဉ်ထဲကို ဝင်ပြီးတဲ့အချိန် ရေးဘီလူးဆိုတာကို စစ်ကောင်စီက သိလာတဲ့အချိန်မှာ မိသားစုဝင်တွေ တစ်ယောက်မှ မြို့ပေါ်မှာ နေလို့မရဘူး။ အခြားနေရာဒေသမှာ ရှောင်တိမ်းနေရတယ်။ ရှောင်တိမ်းနေရပေမယ့် ရက်ကာလတွေ အများကြီး ကြာလာတဲ့အခါ အဆင်မပြေဘူး။

ဆွေမျိုးသားချင်း ဆိုတာကလည်း ဒုက္ခရောက်ချိန်မှာ ခဏတဖြုတ် ကောင်းပေမယ့် အချိန်တွေကြာရင် အဆင်မပြေတော့တာကြောင့် မိသားစုဝင်တွေ တိုင်းတပါးကို ရှောင်ပေးရတယ်။ ကျွန်တော်တို့တွေလည်း ဒုက္ခအများကြီး ကြုံတွေ့ခဲ့ရတယ်။ မိသားစုဝင်တွေနဲ့ ကွဲကွာပြီး တောထဲမှာ ဖြတ်သန်းဖို့ ကျွန်တော်တို့ရဲ့ လေ့ကျင့်မှုတွေ၊ မြို့ပေါ်ကနေ တောထဲကိုရောက်ပြီး တောထဲမှာ နေသားကျဖို့အတွက် အချိန် အများကြီး ကျော်ဖြတ်ခဲ့ရတယ်။

မေး – လက်ရှိ လှုပ်ရှားနေတဲ့ စစ်ရေးအခြေအနေကိုလည်း ပြောပြပေးပါဦး။

ဖြေ – ကျွန်တော်တို့ လက်ရှိလှုပ်ရှားနေတဲ့ အခြေအနေမှာဆိုရင် ထဲထဲဝင်ဝင် စစ်ရေးကစားနေတဲ့ နေရာသုံးခုရှိတယ်။ ခေါဇာရှိမယ်၊ ရေးမြို့ရှိမယ်၊ လမိုင်းမြို့ ရှိမယ်။ ဒီမြို့နယ်တွေထဲမှာမှ ပိုင်နက် ကျေးရွာ အသီးသီးမှာ စစ်ကစားမှုတွေရှိတယ်။ မြို့နယ်သုံးမြို့နယ်မှာလည်း စစ်ကစားမှုတွေ ရှိတယ်။

အခုအချိန် စစ်ရေးအခြေအနေတွေမှာဆိုရင် ကျွန်တော်တို့ဘက်က အားသာချက်တွေ အများကြီးရှိတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရတယ်။ ကျွန်တော်တို့ လုပ်သမျှ စစ်ကောင်စီ ခံနေရတဲ့ အခြေအနေ မျိုးဖြစ်တယ်။ စစ်ကောင်စီတွေ လွယ်လွယ်ကူကူ သွားနိုင်တဲ့ အခြေအနေမျိုးမရှိဘူး။ သူတို့မိသားစုဝင်တွေတောင်မှ နေ့တိုင်းဈေးဝယ်ထွက်တဲ့ အခြေအနေမျိုးမရှိဘူး။

သွားလာလှုပ်ရှားမှုတွေ မရှိဘဲ တပ်ရင်းထဲကနေ ဘယ်မှမသွားရဲတဲ့ အနေအထားမျိုးမြင်တွေ့ရတယ်။ နေရာတိုင်းမှာလည်း ကျွန်တော်တို့ရဲဘော်တွေ ရှိနေတယ်။ ကျွန်တော်တို့ဘက်ကတော့ အသင့်အနေအထားပဲ။ လစ်ရင်လစ်သလို ကြုံရင်ကြုံသလို ပစ်လို့ရအောင်ချမှာ။ ကျွန်တော်တို့ဘက်က အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်ထားတယ်။

မြို့နယ်တွေထဲမှာ လုပ်ကိုင်ဖို့အတွက် မစ်ရှင်တွေမှာ မကြုံနေရဘူးဆိုပေမယ့် နယ်မြေခံတွေနဲ့တိုင်ပင်ပြီး စစ်ကြောင်း ကြီးတွေဖွဲ့ ပြီး ကျေးရွာတွေဘက်ကို နယ်မြေစိုးမိုးမှုတွေ ပြန်လည် ပြုလုပ်လာတဲ့ အခြေအနေရှိပါတယ်။

မေး – ပြီးခဲ့တဲ့ မစ်ရှင်တွေနဲ့ပတ်သက်လို့ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ – မစ်ရှင်တိုင်း မစ်ရှင်တိုင်းမှာ လွယ်ကူတာမျိုးမရှိဘူး။ အမြဲတမ်း အခက်အခဲရှိတယ်။ နောက်တစ်ခုက စစ်ကောင်စီ ဆယ်ယောက်ကိုလည်း ကျွန်တော်တို့ ရေးဘီလူးအဖွဲ့က တစ်ယောက် နှစ်ယောက်လည်းနဲ့ ဖြစ်သွားတာမျိုး။ စစ်ကောင်စီ အယောက် နှစ်ဆယ်လောက်ဆိုရင်လည်း လေးငါးယောက်နဲ့ ခံပစ်ရတဲ့ အခိုက်အတန့်မျိုးရှိပါတယ်။

မစ်ရှင်တွေမှာ မမျှမတမှုနဲ့ ဖြတ်သန်းရတယ်။ ဒါကစစ်ရေး။ စစ်အင်အားရဲ့ လှုပ်ရှားအခြေအနေပေါ့။ တကယ်တမ်း မစ်ရှင်တစ်ခု လုပ်မယ်ဆိုရင် ကားတစ်စီးလုံး ဆုံးရှုံးရတဲ့အထိ ကြုံတွေ့ရပါတယ်။ မစ်ရှင်တွေ အတွက် ကားတစ်စီး အသုံးပြုတယ်။ ဒီမစ်ရှင်အောင်သွားရင် နောက်မစ်ရှင်မှာ အသုံးပြုတယ်။ မစ်ရှင်မအောင်ဘူးဆိုရင် ကားတွေ ပြင်းထန်တဲ့အခါ ကြေမွပြီး ပျက်စီးတာမျိုးရှိတယ်။ ခေါဇာမှာဆို ကျွန်တော့် ကား တစ်စီး ဆုံးတယ်။ ချောင်းသာမှာ တစ်စီးဆုံးတယ်။

မစ်ရှင်ပြုလုပ်မယ် ဆိုရင် ငွေအများကြီးကုန်တယ်။ ဆိုင်ကယ်တွေ မြို့ဘက်တွေ သွားလာဖို့အရေး ဖန်တီးရတယ်။ နောက် စားဝတ်နေရေးတွေ အများကြီး ပြင်ဆင်ရတယ်။ plan တွေ နည်းဗျူဟာတွေ ဆွဲရတယ်။ ကျွန်တော်တို့ဘက်က ပိုင်နိုင်တဲ့ အခြေအနေမျိုး ကြုံလာမှသာ မစ်ရှင် ပြုလုပ်လေ့ရှိပါတယ်။

ဖြတ်သန်းခဲ့ရတဲ့ ကာလမျိုးမှာတော့ အားလုံးက အခက်အခဲတွေ ချည်းပါပဲ။ အခက်အခဲတွေလို့ ကျွန်တော်တို့က အသိအမှတ်မပြုဘဲနဲ့ အကောင်းဆုံး ဖြစ်အောင် ရပ်တည်ခဲ့ရတယ်။ ဇီးရိုးကနေ စခဲ့ရတာကြောင့် အခက်အခဲတွေ အများကြီး ရှိပါတယ်။

မေး – တော်လှန်ရေးကိုအောင်မြင်အောင် လုပ်ဆောင်နေတဲ့နေရာမှာ ကြုံတွေ့နေရတဲ့ အကြီးမားဆုံးအခက်အခဲက ဘာဖြစ်မလဲ။

ဖြေ – ကျွန်တော်တို့ အကြီးမားဆုံးကြုံနေရတဲ့အခက်အခဲ မြေပြင်မှာစစ်တိုက်လို့ရှိရင် ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေ ဆုံးရှုံးသွားမှာ ပျက်စီးသွားမှာတို့တွေက ကျွန်တော်တို့တွေရဲ့ အခက်အခဲမဟုတ်ဘူး။ ဒါကို ကျွန်တော်တို့က သေရဲတယ်။ ရင်ဆိုင်ရဲတယ်။

ကျွန်တော်တို့လိုအပ်တဲ့ အခက်အခဲကဘာလဲဆိုတော့ လက်နက်ခဲယမ်းပဲ။ရဲဘော်တွေ အယောက်တိုင်း အယောက်တိုင်း အကုန်လုံးကို လက်နက်တပ်ဆင်ပေးချင်တယ်။ တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ ရဲဘော်တွေ အကုန်လုံးကိုလည်း လက်နက်ကိုယ်စီနဲ့ တိုက်ပွဲကောင်းကောင်း ဝင်နိုင်မယ့် အခြေအနေမျိုးနဲ့ မြင်ချင်တယ်။ အဲဒီလိုမျိုးပဲဖြစ်စေချင်တယ်။

မေး – မစ်ရှင်တွေလုပ်ဆောင်တာနဲ့ပတ်သက်လို့ရော မွန်ပြည်သူလူထုကို ဘာတွေ တောင်းဆိုချင်လဲ။ ဘာတွေပြောပြချင်လဲ။

ဖြေ – ကျွန်တော်တို့အနေနဲ့ မွန်လူထုတွေကိုတော့ အများကြီး တောင်းဆိုစရာ မရှိပါဘူး။ လူထုတွေ လုပ်သမျှကို ကျွန်တော်ဘက်က အကောင်းမြင်တယ်။ လူထုနဲ့ ကျွန်တော်တို့ ပြုလုပ်နေတဲ့ နေရာမျိုးမှာ ဆန့်ကျင်ဘက် ဖြစ်နေရင်တောင်မှ တော်လှန်ရေး လုပ်နေတာ သဘောမကျဘူးတို့ မကောင်းဘူးလို့ ထင်ရင်တောင်မှ လူထုတွေ‌ဝေဖန်တဲ့ အသံဖြစ်လို့ လူထုကို အပြစ်မပြောဘူး။ ကျွန်တော်တို့ရဲ့ ခံယူချက်က ဒီမိုကရေစီလမ်းစဉ်ကို လိုချင်တယ်။

လူထုရဲ့ အခြေအနေကလည်း ဒီမိုကရေစီလမ်းစဉ်ကို လိုချင်တာများပါတယ်။ တချို့က နိုင်ငံရေးကို စိတ်မဝင်စားတဲ့သူတွေရှိတယ်။ တချို့က အသက်အရွယ်ကြောင့် နိုင်ငံရေးကို နားမလည်တာမျိုးရှိတယ်။ ကျွန်တော်တို့ကတော့ လူထုကို ဘယ်လိုပဲဖြစ်ဖြစ် တောင်းဆိုချင်တာမျိုး အများကြီးမရှိဘူး။

မစ်ရှင် လုပ်နေတဲ့ အချိန်မှာပစ်ကွင်းထဲကို ရန်သူတွေ ပစ်မှတ်တွေထဲ ဝင်လာတဲ့အချိန်မှာ ပြည်သူလူထုကို ငဲ့ပြီး ပြန်ပြီး ဆုတ်ခွာရတဲ့ အခြေအနေတွေရှိတယ်။ မစ်ရှင်တစ်ခု လုပ်ရတာမလွယ်ကူဘူး။ အချိန်အများကြီး ပေးရတယ်။ မစ်ရှင်တွေတိုင်းမှာ ကိုယ်ကအသာစီးနဲ့ လုပ်ရတဲ့ပွဲတွေ မရှိဘူး။ ကိုယ့်ဘက်က လူအနည်းငယ်နဲ့လုပ်ရတဲ့ ပွဲတွေဖြစ်လို့ အခက်အခဲတော့ရှိတယ်။

လူထုအနေနဲ့ အသွားအလာပိုင်းလေးတွေ နည်းနည်းလေး ရှောင်ကြဉ်ပေးရင်ပိုအဆင်ပြေတယ်။ မသွားသင့်ဘူးထင်တဲ့ နေရာမျိုးတွေကို နည်းနည်းပါးပါး ရှောင်ပေးလိုက်ရင် အဆင်ပြေတယ်။ လူထုလုပ်သမျှ အရာလုံးကို လက်ခံတယ်။ လူထုကို အလေးထားတယ်။

မေး – NUG အပါအဝင် တခြားအဖွဲ့အစည်းတွေနဲ့ရော ပူးပေါင်းလုပ်ဆောင်တာမျိုးရှိလား။ ဘာတွေဆက်ပြီး လုပ်ဆောင်သွားဖို့ရှိမလဲ။

ဖြေ – ကျွန်တော်တို့ NUG နဲ့ ပူးပေါင်းဆောင်ရွက်ပြီး NUG လက်အောက် စစ်သားတွေဖြစ်သွားပြီဆိုတော့ ဘာလုပ်လုပ် NUG ရုံးကို ကြေးနန်းပို့ပေးရတယ်။ ဘာပဲဖြစ်ဖြစ် SOF တပ်ဖွဲ့ နဲ့ တိုင်ပင်ပြီးတော့ စစ်ဆင်ရေး ပြုလုပ်ရင် စစ်ကူပေးမယ်။ မွန်ပြည်နယ်မှာ လှုပ်ရှားတဲ့အပိုင်းဆိုရင် စစ်ကူလိုအပ်တဲ့ အချိန်မျိုးမှာ ကျွန်တော်တို့ကို စစ်ကူခေါ်တယ်။ တပ်ရင်းနဲ့ တိုင်ပင်သွားလေ့ရှိတယ်။ နယ်မြေခံတပ်ဖွဲ့ဝင်တွေဆို KNU နဲ့လက်တွဲပြီး လုပ်လေ့ရှိတယ်။

မေး – စစ်ကောင်စီထံမှာ စစ်မှုမထမ်းချင်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထဲကို ရောက်ရှိလာတဲ့ သင်တန်းသားတွေကိုရော ဘယ်လိုလေ့ကျင့်ပေးလဲ။ သင်တန်းသားတွေကို အများကြီး လက်ခံရတဲ့အခါမှာရော ဘာတွေလိုအပ်ချက်တွေရှိလဲ။

ဖြေ – သင်တန်းသားတွေ အဓိကလိုအပ်တဲ့ အရာက ယူနီဖောင်းတွေ လိုအပ်တယ်။ လက်နက်တပ်ဆင်ရတဲ့အပိုင်းတွေ စားဝတ်နေရေးအပိုင်းတွေ အခက်အခဲတော့ ရှိတယ်။ လူတစ်ယောက် စရိတ်ဆိုတာ မနည်းဘူး။ အယောက်ရာချီကျရင်တော့ ကျွန်တော်တို့အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်လာခဲ့တယ်။

ကျွန်‌တော်တို့က မငြီးမငြူဘဲ ဒီသင်တန်းသားတွေကို ကိုယ့်ရဲဘော်တွေလို တသားတည်းဖြစ်သွားအောင် လူဟောင်းတွေလိုပဲ တပ်သားတွေ ဖြစ်ကုန်အထိ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ သေချာ လေ့ကျင့်ပေး ဖြစ်တယ်။ လက်နက် အတပ်အဖြုတ်တွေ တပ်စိတ် တပ်ဖြန့်ပုံတွေ မဖြစ်မနေ လုပ်ရတယ်။ PT လေ့ကျင့်ခန်းတွေ မဖြစ်မနေ လုပ်ရတယ်။ သူ့ရဲ့ နိုင်ရာနိုင်ရာ တာဝန်ကို ကျွန်တော်တို့က ပြန်ပေးလေ့ရှိပါတယ်။

သူ့အားသာတဲ့ အပိုင်းမှာထားတယ်။ ဆက်သွယ်ရေး နည်းပညာ ကျွမ်းတယ်ဆိုရင် ဆက်သွယ်ရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ကွန်ပျူတာ ကျွမ်းကျင်ရင် ကွန်ပျူတာပေါ့။ တချို့ဆိုရင် စစ်ရေးပိုင်းမှာ မကျွမ်းကျင်ဘူး။ စစ်သားတစ်ယောက်လို သွားလာလှုပ်ရှားလို့မရဘူးဆိုရင် ကျွန်တော်တို့က ပြန်ပြီးတော့ မေးခွန်းထုတ်တယ်။ သူ့ဆီက လာတဲ့ အဖြေအရ ကိုက်ညီတဲ့ တာဝန်ကိုပေးတယ်။ မနိုင်တဲ့ တာဝန်ကို ယူခိုင်းတာ မရှိပါဘူး။

မေး – စစ်ကောင်စီလက်အောက်ခံမီဒီယာတွေမှာ ရေးဘီလူးတို့လိုတော်လှန်ရေးတပ်ဖွဲ့တွေ ဆက်ကြေးကောက်နေတယ် စသဖြင့် ကောလာဟလတွေထုတ်လွှင့်နေတာဆိုတော့ အဲဒါတွေနဲ့ပတ်သက်လို့ရော ပြည်သူလူထုကို ဘာတွေ တင်ပြချင်လဲ။

ဖြေ – ကျွန်တော်တို့ဘက်က စစ်ဆေးပြုလုပ်တဲ့နေရာမှာ ဖြတ်သန်းသွားလာတဲ့ ပြည်သူလူထုကအများကြီးပါ။ တစ်ယောက်ချင်း တစ်ဦးချင်း ပြည်သူ လူထုတိုင်းကို လိမ်ညာလို့ မရပါဘူး။ တပ်လော်ဘီတွေ ဝါဒဖြန့်တာ ဟုတ်လား၊ မဟုတ်လားဆိုတာ ပြည်သူလူထုက သိပြီးသားပါ။

ပြည်သူလူထုက သိလို့လည်း အများကြီးရှင်းပြစရာ မလိုဘူး။ ကိုယ့်ဘက်က မှန်ကန်တဲ့အတွက် ကျွန်တော်တို့က ဘယ်လောက်ပဲ ဝါဒဖြန့်ဖြန့် ကျွန်တော်တို့ဘက်က ဘာမှမတုန်လှုပ်ဘူး။ လုပ်စရာ ရှိတဲ့အလုပ်ပဲ ကျွန်တော်တို့ လုပ်ပါတယ်။ ကျွန်တော်တို့က ရှင်းတယ်။ ဘုံရန်သူ ကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်ပါတယ်။

ကားလမ်းပေါ်မှာ တက်ပြီး စစ်ဆေး တယ်ဆိုရင် ကားလမ်းပေါ်သွားလာတဲ့ ဉီးတည်ချက်က ဘုံရန်သူတစ်ခုပဲ ရွေးချယ်တယ်။ စစ်ဆေးတယ်။ ဒီအပိုင်းတစ်ခုပဲ ရှိတယ်။ လိုင်းကားကြီးတွေဆိုရင် အိတ်ကိုတောင်မှ ယူချခိုင်းတာမျိုး မရှိဘူး။ ယာဉ်မောင်းကို စစ်ဆေးမေးမြန်းတယ်။ ကားပေါ်က ပြည်သူတွေကို နည်းနည်းပါးပါး မေးမြန်းတယ်။ မှတ်ပုံတင် ကြည့်တယ်။ ဒီလောက်ပါပဲ။ ဟုတ်ကဲ့ပါ။

မေး – တခြားဖြည့်စွက်ပြောချင်တာတွေကိုလည်း သိပါရစေ။

ဖြေ – ကျွန်တော်တို့ တစ်နိုင်ငံလုံးရော နိုင်ငံခြားမှာရှိတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး ကျန်းမာရေး ဂရုစိုက်ကြပါ။ တော်လှန်ရေး ပြီးသွားရင် ပြည်သူလူထုနဲ့ နွေးနွေးထွေးထွေး ပြန်ဆုံချင်ပါတယ်လို့ ဖြည့်စွက် ပြောချင်ပါတယ်။

သံလွင်တိုင်းမ်

ဓာတ်ပုံ – ရေးဘီလူး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.