အိုဘာဂျန်၊ ဇွန် ၁၇

ယူကရိန်း နယ်မြေအားလုံးကနေ ရုရှားတပ်တွေ ဆုတ်ခွာသွားမယ်ဆိုရင် နောက်တစ်နေ့မှာ မော်စကိုအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပသွားမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံ ပိတ်ပွဲမှာ ပြောကြားရာမှာတော့ သမ္မတဇီလန်စကီးက ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ စစ်ပွဲကို အဆုံးသတ်မှာမဟုတ်ဘဲ စစ်ရေးအရဖြစ်ဖြစ် ဒါမှဟုတ် သံတမန်ရေးအရ ဖြစ်ဖြစ် မိမိတို့တတ်နိုင်တဲ့ နည်းလမ်းနဲ့ တားဆီးရမယ်လို့ ပြောကြားပါတယ်။

အနောက်တိုင်းက ပေးနေတဲ့ အကူအညီတွေဟာ စစ်ပွဲကို အနိုင်ရရေး လုံလောက်မှု မရှိသေးဘူးလို့ သူက ပြောကြားပြီး အခုကျင်းပတဲ့ညီလာခံက ယူကရိန်းကို နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှု အားနည်းမသွားဘူးဆိုတာကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။

ဒီညီလာခံမှာ ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေက ယူကရိန်းရဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို ကတိပြုရင်း အဆုံးသတ်ခဲ့ပါတယ်။

ညီလာခံ တက်ရောက်ခဲ့တဲ့နိုင်ငံတွေက အပြီးသတ် သဘောထား ထုတ်ပြန်ရာမှာ စစ်ပွဲကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ ပျက်စီးမှုတွေအတွက် ရုရှားကို အပြစ်တင်ထားပါတယ်။

ဒါပေမဲ့ အိန္ဒိယ၊ တောင်အာဖရိကနဲ့ ဆော်ဒီအာရေးဗီးယားတို့ အပါအဝင် နိုင်ငံအချို့က အဲဒီထုတ်ပြန်ချက်ကို လက်မှတ်မထိုးခဲ့ကြပါဘူး။

ညီလာခံသို့ နိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၉၀ ကျော် တက်ရောက်ခဲ့ကြပြီး ရုရှားကို မဖိတ်ခေါ်ခဲ့သလို ရုရှားကို အဓိကထောက်ခံနေတဲ့ တရုတ်လည်း မတက်ရောက်ခဲ့ပါဘူး။

ညီလာခံ တက်ရောက်ခဲ့တဲ့ နိုင်ငံတွေက အကျဉ်းသားအားလုံး လဲလှယ်ရေးနဲ့ ရုရှားက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကလေးတွေ အားလုံး ပြန်လည်ပို့ဆောင်ရေး တောင်းဆိုခဲ့ကြပါတယ်။

ညီလာခံ တက်ရောက်ခဲ့ကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကျေးဇူးတင်ကြောင်း သမ္မတဇီလန်စကီးက သတင်းထောက်တွေနဲ့ တွေ့ဆုံရမှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းအနေနဲ့ အားနည်းနေတဲ့ အခြေအနေမှာ စစ်ရေး မဟုတ်ဘဲ သံတမန်နည်းအရ ဖြေရှင်းဖို့ရှိသလား ဆိုတဲ့ မေးခွန်းကို ဇီလန်စကီးက မိမိတို့အနေနဲ့ ဆွေးနွေးဖို့ အမြဲတမ်း လမ်းဖွင့်ထားတယ်လို့ ပြောကြားပါတယ်။

ရုရှားတပ်တွေ မိမိတို့မြေပေါ်က ဒီကနေ့ ဆုတ်ခွာသွားရင် နောက်တစ်နေ့မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမယ်လို့ သမ္မတ ဇီလန်စကီးက ပြောကြားပြီး ရုရှားရဲ့ အဓိက မဟာမိတ်တရုတ်ဟာ မိမိတို့ရဲ့ ရန်သူ မဟုတ်ဘူးလို့ ပြောပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.