ဘီးလင်း၊ ဇွန် ၁၇

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာနေ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လင်မယားနှစ်ဦးကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဇွန် ၁၆ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ကျိုက်ထီးဆောင်းဘုရားအနီးနေ ဘတ်ဟိုးမောင်းတဲ့ တက်ကြွလှုပ်ရှားသူ အသက် ၅၀ အရွယ် ကိုလှမိုးနဲ့ ဇနီးဖြစ်သူတို့ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့တာပါ။

“စကစအဖွဲ့တွေက နေအိမ်ထဲထိ နှစ်ယောက်စလုံးကို ဝင်ဖမ်းသွားတာ။ ဘာကြောင့်လာဖမ်းတယ်ဆိုတာတော့ မသိရဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဦးလှမိုးတို့ လင်မယားဟာ ၂၀၂၀ ရွေးကောက်ပွဲကာလတုန်းက NLD ပါတီအောင်နိုင်ရေးအတွက် ပါဝင်ကူညီဖူးသလို စစ်အာဏာသိမ်းကာလအစမှာလည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ဖူးပြီး အဲဒီနောက်ပိုင်း မိသားစုစီးပွားရေးအတွက်သာ လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သူတို့လင်မယားကိုတော့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ဘီးလင်းမြို့မရဲစခန်းထံ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီဟာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေအပါအဝင် အရပ်သားပြည်သူတွေကို အကြောင်းအမျိုးမျိုးပြီး မကြာခဏဆိုသလို ဖမ်းဆီးတာတွေ ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇွန် ၁၅ ရက်နေ့အထိ အစီရင်ခံစာအရ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် လူပေါင်း ၁၀၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.