ထားဝယ်၊ ဇွန် ၁၈

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ မနက်အစောပိုင်းကစပြီး အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ မောင်မယ်ရှောင်ကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အဲဒီနောက် ကျေးရွာအတွင်းက ပြည်သူပိုင်ပစ္စည်းတွေနဲ့ နေအိမ်တွေကို ဖောက်ထွင်းနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက အဲဒီနေ့နေ့လည် ၁၁ နာရီအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မောင်မယ်ရှောင်ကျေးရွာနဲ့ ဇဟာကျေးရွာကြားက တံတားဖြူအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဇွန် ၁၅ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်မှာ ထပ်မံတိုက်ခိုက်ခဲ့တာပါ။

နှစ်ရက်ဆက်တိုက် တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံဖိုးချောက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၁၄ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၈၀ ဝန်းကျင် ဦးလှမြင့် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရ ပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် မောင်မယ်ရှောင်ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ၊ ရေဖြူပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ YPPDF ၊ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ၊ ဥဩစစ်ကြောင်းနဲ့ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ DGRF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကစပြီး ဇွန် ၃ ရက်နေ့အထိ မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းက နေအိမ် ၁၀၀ နီးပါး ဖောင်ထွင်းခဲ့ပြီး တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Dawei PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.