မကွေး၊ ဇွန် ၁၇
မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ ဂန့်ဂေါ ခ.လ.ရ ၅၀ က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ချိတ်ဆက်ပြီး စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ကျည်ရောင်းချသူ ၇ ဦးကိုဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဇွန် ၁၂ ရက်နေ့က ကျည်ရောင်းချသူ စစ်သမီး ၂ ဦးကိစ္စ ပေါ်ပေါက်ခဲ့ပြီးနောက် ဇွန် ၁၇ ရက်နေ့အထိ စစ်သမီး ၆ ဦး ပျူစောထီး ၁ ဦး စုစုပေါင်း ၇ ဦးဖမ်းဆီးခံထားရတာပါ။
“လေယာဉ်အတက်အဆင်းလုပ်တာ မနေ့ကတည်းကနေ အခုချိန်ထိ သုံးကြိမ်ရှိနေပြီ။ ကျည်ရောင်းတဲ့ကိစ္စကြောင့် အထက်လူကြီးတွေလာစစ်ဆေးနေတာပါ။ အခုတော့ တော်တော်ရှုပ်နေကြတယ်။” လို့ ခ.လ.ရ ၅၀ နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဇွန် ၁၂ ရက်မှာ ခ.လ.ရ ၅၀ က စစ်ကောင်စီတပ်သား တစ်ဦးလျှင် ကျည်အတောင့် ၅၀၀ စီချပေးခဲ့ရာမှာ စစ်သမီး၂ ဦးက ကျည်အတောင့် ၇၀၀၀ ကို ကာကွယ်ရေးတပ်တွေဆီရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။
ဇွန် ၁၂ ရက်နေ့မှာ ကျည်ခိုးရောင်းလို့ ဖမ်းဆီးခံထားရတဲ့ စစ်သမီး ၂ ဦးဟာ စစ်ကောင်စီတပ်သားတွေက ရိုက်နှက်စစ်ဆေးတာခံရပြီးတဲ့နောက် ဂန့်ဂေါ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ဂန့်ဂေါ ခ.လ.ရ ၅၀ မှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၂၀၀ ဝန်းကျင်ရှိပြီးတော့ သူတို့ရရှိတဲ့ ခွဲတမ်းထဲက ကျည် တစ်တောင့်ကို ၁၂၀၀၀ ကျပ်နဲ့ ရောင်းချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ဆက်တွဲ စစ်ဆေးမှုတွေလည်း ပြုလုပ်နေပြီးတော့ နောက်ထပ် ကျည်ရောင်းချသူလို့ စစ်ဆေးပေါ်ပေါက်လာသူတွေလည်းရှိကာ လတ်တလောမှာတော့ ခ.လ.ရ ၅၀ ကိုအဝင်ထွက်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ