မောင်တော၊ ဇွန် ၁၅

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ စစ်ကောင်စီ တပ်စခန်းလေးခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဇွန် ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ နခခ (၄) တပ်ရင်းဌာနချုပ်နဲ့ အလယ်သံကျော်စခန်းတွေကို ဇွန် ၁၀ နေ့မှာ သိမ်းယူနိုင်ခဲ့ပြီး မောရဝတီဗျူဟာနဲ့ နခေါင်းတိုစခန်းတို့ကိုတော့ ဇွန် ၁၃ နေ့မှာ ထပ်မံသိမ်းပိုက်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီးတေဇာဌေး အပါအဝင် စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံးခဲ့သလို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ AA က ဆိုပါတယ်။

ဇွန်လပထမအပတ်အတွင်း မောင်တောမြို့ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူးစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ နခခ (၆) နဲ့ နခခ (၉) စတဲ့ စခန်းတွေကို အပြီးသတ် သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး နှစ်ပတ်အတွင်း မောင်တောမြို့ရှိ စစ်တပ်စခန်း ၁၀ ခုကို AA က သိမ်းယူထားတာ ဖြစ်ပါတယ်။

ဒါအပြင် မောင်တော၊ အမ်းနဲ့ သံတွဲမြို့နယ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေကိုလည်း ရက္ခိုင့်တပ်တော် AA မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။

ရခိုင်ဒေသမှာ စစ်ဆင်ရေးအတွင်း ရက္ခိုင့်တပ်တော် AA ဟာ ချင်းပြည်နယ် ပလက်ဝအပါအဝင် ရခိုင်ပြည်နယ်က မြို့ ၁၀ မြို့အထိ သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.