ဘာရီ၊ ဇွန် ၁၅

အီရန်အနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးအတွက် ယူရေနီယံ သန့်စင်မှုတွေကို တိုးမြှင့်မလုပ်ဆောင်ဖို့ ဂျီ-၇ အဖွဲ့ ခေါင်းဆောင်တွေက သတိပေးလိုက်ပြီး ရုရှားကို တီဟီရန်အစိုးရက ပဲ့ထိန်း ဒုံးကျည်တွေ ထောက်ပံ့မယ်ဆိုရင် အရေးယူမှု အစီအစဉ် အသစ်တွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ ဇွန် ၁၄ ရက်နေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။

အီရန်အနေနဲ့ နျူကလီးယား ထုတ်လုပ်ရေးအတွက် အရှိန်မြှင့် ဆောင်ရွက်နေမှုကို ရပ်တန့်ရမှာဖြစ်ပြီး ယူရေနီယံသန့်စင်မှုကိုလည်း ရပ်တန့်ရမှာဖြစ်ကြောင်း ဂျီ-၇ အဖွဲ့ ခေါင်းဆောင်တွေရဲ့ ကြေညာချက် မူကြမ်းမှာ ဖော်ပြထားပါတယ်။

အီရန်ဟာ ယူရေနီယံ သန့်စင်မှုကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA ရဲ့ အစီရင်ခံချက်မှာ ဖော်ပြထားတာပါ။

အီရန်က အရှေ့အလယ်ပိုင်း ပြဿနာကို အများအာရုံစိုက်နေချိန်မှာ ယူရေနီယံသန့်စင်မှုကို လူမသိသူမသိ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ IAEA က ပြောပါတယ်။

တီဟီရန်အစိုးရဟာ IAEA စုံစမ်း စစ်ဆေးရေးအဖွဲ့ကိုလည်း နိုင်ငံတွင်းသို့ ဝင်ခွင့်မပေးဘဲထားတာ ကြာနေပြီ ဖြစ်ပါတယ်။

အီရန်ကနေ ထုတ်လုပ်ထားတဲ့ ယူရေနီယံတွေဟာ လောလောဆယ်မှာ ၆၀ ရာခိုင်နှုန်းအထိ သန့်စင်မှုရှိနေပြီး လက်နက်ထုတ်လုပ်နိုင်တဲ့ အဆင့်ကို ရောက်ဖို့ ၉၀ ရာခိုင်နှုန်းအထိ သန့်စင်ရမှာ ဖြစ်ပါတယ်။

အီရန်အနေနဲ့ နောက်ထပ် သန့်စင်မှုတွေ ပြုလုပ်ပြီးရင် နျူကလီးယား လက်နက် သုံးခုအထိ ထုတ်လုပ်နိုင်တဲ့ ယူရေနီယံပမာဏကို ပိုင်ဆိုင်တော့မှာ ဖြစ်တယ်လို့ IAEA က ပြောထားပါတယ်။

အီရန်အနေနဲ့ ဒီကိစ္စကို အလေးအနက် ဆွေးနွေးသင့်ပြီး သူတို့ရဲ့ နျူကလီးယားစီမံကိန်းဟာ ငြိမ်းချမ်းရေးအတွက် သီးသန့်ဖြစ်တယ်ဆိုတာကို အများယုံကြည်အောင် ပြုလုပ်သင့်တယ်လို့ ဂျီ-၇ အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

ဒါ့အပြင် IAEA ရဲ့ စောင့်ကြည့်စစ်ဆေးရေး အစီအစဉ်အတိုင်း ပူးပေါင်းဆောင်ရွက်သင့်သလို သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း လိုက်နာသင့်တယ်လို့ ဂျီ-၇ အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

အီရန်အနေနဲ့ ရုရှားကို ကူညီရေး ပဲ့ထိန်းတပ် ဒုံးကျည်တွေ၊ ဆက်စပ် နည်းပညာတွေ မပေးဖို့လည်း ဂျီ-၇ ခေါင်းဆောင်တွေက သတိပေးထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.