ဝင်ကင်ဆင်၊ ဇွန် ၁၅

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အကြမ်းဖက်မှုအများဆုံးနိုင်ငံ ဖြစ်တယ်လို့ လက်နက်ကိုင် ပဋိပက္ခ၊ တည်နေရာနဲ့ အခင်းအကျင်း ဆိုင်ရာ အချက်အလက်အဖွဲ့ ACLED ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်း ရာနဲ့ချီတဲ့ လက်နက်ကိုင် အဖွဲ့ငယ်လေးတွေက စစ်ကောင်စီကို တိုက်ခိုက်နေကြတာကြောင့် မြန်မာနိုင်ငံဟာ ကွဲပြဲမှု အများဆုံးနိုင်ငံ နေရာမှာ ထပ်ပြီးရှိနေတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

နိုင်ငံတွင်းမှာ ပဋိပက္ခတွေ တော်တော်များများဖြစ်ပွားနေတဲ့ ဆီးရီးယားဟာ မြန်မာနိုင်ငံရဲ့ အနောက် အကြမ်းဖက်မှု ဒုတိယအများဆုံးနိုင်ငံအဖြစ် ရှိနေပါတယ်။

ကမ္ဘာမှာ ပဋိပက္ခဖြစ်ပွားမှုဟာ ၂၀၂၂ ခုနှစ် ကထက် ၂၀၂၃ ခုနှစ်မှာ ပဋိပက္ခဖြစ်ပွားမှု ၁၂ ရာခိုင်နှုန်း ပိုများလာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ၄၀ ရာခိုင်နှုန်း ပိုများလာတယ်လို့ ACLED ရဲ့ နှစ်စဉ် ပဋိပက္ခညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။

ပဋိပက္ခ ဖြစ်ပွားမှု အများဆုံးနိုင်ငံပေါင်း ၅၀ ကို ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်း လေ့လာပြီး အခုညွှန်းကိန်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။

ပဋိပက္ခတွေကို အဆင့်လေးဆင့် သတ်မှတ်ပြီး ဖော်ပြရာမှာ မြန်မာနိုင်ငံဟာ အကြမ်းဖက်မှု အများဆုံးနိုင်ငံအဖြစ် ဆက်ရှိနေတာ ဖြစ်ပါတယ်။

အဲဒီလို ထိပ်ဆုံးနေရာမှာ မြန်မာနဲ့အတူ ရှိနေတာကတော့ ဆီးရီးယား၊ ယူကရိန်း၊ မက္ကစီကိုနဲ့ ပါလက်စတိုင်းတို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ အရမ်းဆိုးရွားပြင်းထန်ပြီး အမြဲမပြတ် စိုးရိမ်စရာအဆင့် ဖြစ်တယ်လို့ ACLED က ဖော်ပြထားပါတယ်။

ဒီညွှန်းကိန်းမှာ မြန်မာနဲ့ ဆီးရီးယားဟာ ပထမနဲ့ ဒုတိယနေရာမှာ အရင်အတိုင်း မပြောင်းလဲဘဲ ရှိနေတာ ဖြစ်ပြီး ပါလက်စတိုင်းကတော့ အဆင့် ၈ ဆင့် မြင့်တက်လာပြီး တတိယအကြမ်းဖက်မှု အများဆုံး ဖြစ်လာခဲ့ပါတယ်။

Ref:ACLED

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.