မော်လမြိုင် ၊ ဇွန် ၁၆

ပရီမီယံဒီဇယ်တင်သွင်းသူတွေကို စစ်ကောင်စီဘက်က ဒေါ်လာမရောင်းပေးတော့အတွက် ပရီမီယံဒီဇယ်ဈေးနှုန်းတွေ ချက်ချင်းခုန်တက်လာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပရီမီယံဒီဇယ်ဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့မှာ တစ်လီတာ ကျပ် ၂၄၀၀ ဝန်းကျင်သာ ရှိရာမှ ဇွန် ၁၄ ရက်နေ့က စတင်ပြီး တစ်လီတာကို ကျပ် ၂၈၀၀ ဝန်းကျင်အထိ တစ်လီတာလျှင် ကျပ် ၄၀၀ နီးပါး ဈေးနှုန်းခုန်တက်လာတာပါ။

စက်သုံးဆီဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီဟာ အရင်က ဒေါ်လာတွေ ရောင်းချပေးခဲ့ပေမယ့် လက်ရှိမှာတော့ ဒေါ်လာလိုအပ်ချက်ကြောင့် စက်သုံးဆီတင်သွင်းသူတွေကို ဒေါ်လာမရောင်းပေးတော့ဘူးလို့ သိရပါတယ်။

စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦး အခုအခါ စစ်ကောင်စီဘက်က ပရီမီယံဒီဇယ်တင်သွင်းသူတွေကို ဒေါ်လာမရောင်းပေးတော့တဲ့အတွက် ပြင်ပဒေါ်လာဈေးတွေနဲ့ ဝယ်ယူတင်သွင်းရတာကြောင့် ပရီမီယံဒီဇယ်ဈေးနှုန်း မြင့်တက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဟိုအရင်တုန်းကဆို အစိုးရက ဒေါ်လာရောင်းပေးတယ်လေ။ ဒီဇယ်ဆီတင်သွင်းသူတွေကို ရောင်းပေးတာပေါ့နော်။ ဒီဇယ်ဆိုတာက နှစ်မျိုးလုံးပေါ့။ ပရီမီယံရော၊ ရိုးရိုးဒီဇယ်ရောလေ။ နှစ်မျိုးလုံး ရောင်းပေးတယ်။ အခုက ရိုးရိုးဒီဇယ်ကိုတော့ သူရောင်းပေးတာပေါ့။ အစိုးရဈေးနဲ့ပေါ့။ ဒီပရီမီယံကိုကျတော့ အစိုးရဈေးနဲ့ ဒေါ်လာမပေးတော့ဘူး။ မပေးတော့ ပြင်ပဒေါ်လာဈေးနဲ့ ဝယ်နေရတဲ့အခါကျတော့ အဲဒီဈေးက တစ်ခါတည်းတက်သွားတာ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီမှာ ဒေါ်လာလိုအပ်ချက်ကြီးမားနေတာကြောင့် ပြီးခဲ့တဲ့ကာလကတည်းက ဓာတ်ဆီအမျိုးအစား ၉၂ နဲ့ ၉၅ တင်သွင်းသူတွေကို ဒေါ်လာရောင်းချမပေးတော့သလို အခုအခါမှာတော့ ပရီမီယံဒီဇယ်တင်သွင်းသူတွေကိုပါ ဒေါ်လာမရောင်းပေးတော့ဘူးလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ရိုးရိုးဒီဇယ် တစ်မျိုးတည်း တင်သွင်းသူတွေကိုသာ သတ်မှတ်ဈေးနှုန်းနဲ့ ဒေါ် လာတွေကို ကန့်သတ်ပြီး ရောင်းချပေးနေပေမယ့် ရိုးရိုးဒီဇယ် သုံးစွဲမှုများလာပါက အဲဒီရိုးရိုးဒီဇယ် တင်သွင်းသူတွေကိုပါ ဒေါ်လာမရောင်းချပေးတာတွေ ဖြစ်လာနိုင်တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေက သုံးသပ်တာပါ။

စက်သုံးဆီသူတွေကို စစ်ကောင်စီဘက်က ဒေါ်လာမရောင်းပေးတော့အတွက် ၉၂ ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၂၆၀၀ ၊ ၉၅ ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၂၇၀၀ ကျော်အထိ ပေါက်ဈေးနှုန်း ရှိနေပြီး ရိုးရိုးဒီဇယ်က ကျပ် ၂၃၀၀ ကျော် ဈေးရှိနေတာပါ။

အခုလို စက်သုံးဆီတင်သွင်းတဲ့နေရာမှာ ပြင်ပဒေါ်လာပေါက်ဈေးနဲ့ တင်သွင်းနေရတဲ့အတွက် ပြင်ပဒေါ်လာပေါက်ဈေး ဆက်လက်မြင့်တက်လာပါက စက်သုံးဆီ ဈေးနှုန်းတွေလည်း မြင့်တက်လာမှာ ဖြစ်သလို ဒေါ်လာရှားပါးလာပါကလည်း စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ စက်သုံးဆီဈေးနှုန်းတွေဟာ စစ်တပ်အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း ဈေးနှုန်း ၄ ဆနီးပါး မြင့်တက်လာသလို ဈေးနှုန်းမတည်ငြိမ်မှုတွေနဲ့ ပြတ်လပ်မှုတွေ မကြာခဏ ဆိုသလို ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.