တနင်္သာရီ၊ ဇွန် ၁၆

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီရဲ့ အောင်သာဝရတပ်စခန်းကို KNLA တော်လှန် ရေး အင်အားစုပူးပေါင်းအဖွဲ့တွေ ဇွန် ၁၄ ရက်နေ့မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

တနင်္သာရီမြစ်ကမ်းဘေးမှာရှိတဲ့ အောင်သာဝရတပ်စခန်းကို ဇွန် ၁၄ ရက်နေ့မှာ မနက်ပိုင်းမှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေ့လည် ၁၂ နာရီအချိန်ခန့်မှာ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

အောင်သာဝရတပ်စခန်းဟာ ၁၉၉၇ ခုနှစ်ကတည်းက လာရောက်အထိုင်ချတပ်စွဲထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်အတွက် စစ်ရေးအရေးပါတဲ့ ဗျူဟာစခန်းတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

အောင်သာဝရစခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရမိမှုကို မကြာမီသတင်းထုတ်ပြန်ပေးမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အောင်သာဝရတပ်စခန်းဟာ ပုလောမြို့နယ်အခြေစိုက် အမှတ် ၂၈၅ ခြေလျင်တပ်ရင်းရဲ့ ရှေ့တပ်စ ခန်းဖြစ်ပြီး အာဏာသိမ်းကာလအတွင်း တပ်အင်အား ၅၀ ဝန်းကျင် ထိုင်ချတပ်စွဲထားတာ ဖြစ်ပါတယ်။

စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်က ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်မ ဟာ ၄ ၊ တပ်ရင်း ၇ ရဲ့ ဆေးရုံကို လေယာဉ်နဲ့ဗုံးကြဲသွားတဲ့အတွက် သူနာပြုဆရာမတစ်ဦးနဲ့ အမျိုး သမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း သရက်ချောင်းမြို့နယ်က စစ်ကောင်စီရဲ့ ပဲဒက်တပ်စခန်းနဲ့ ပျူစောထီးစခန်းအပြင် ဘုတ်ပြင်းမြို့နယ်ရှိ ပွိုင့် ၁၀၂၀ စခန်းကုန်းကို တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက အခုနှစ်အတွင်း အောင်သာဝရတပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုအထိ သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.