မကွေး၊ ဇွန် ၁၅

မကွေးတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စလင်းမြို့နယ်က လမ်းပိုင်းနှစ်ခု ဖြတ်သန်းသွားလာခွင့်ကို ဇွန် ၁၄ ရက်နေ့ကစလို့ ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

စလင်းမြို့နယ်က ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ ကံပြား-စေရာလမ်းပိုင်းကို ပြည်သူတွေအနေနဲ့ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက အသိပေးထုတ်ပြန်ထားတာပါ။

“ကျွန်တော်တို့ အနေနဲ့ ကတ္တရာလမ်းပိုင်းမှာ အလုပ်လုပ်စရာရှိတဲ့အတွက်ဒီလိုကန့်သတ်ထားတာပါ။ စကစတွေကလည်း ဒီလမ်းပိုင်းကိုအသုံးပြုနေတာဖြစ်တဲ့အတွက် ပြည်သူတွေနဲ့ရောပါလာပါတယ်။ ဒါကြောင့်ပြည်သူတွေထိခိုက်မှုမရှိအောင်အသိပေးထားတာပါ။” လို့ မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်းက သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကို Joker က သံလွင်တိုင်း​မ်ကို​​​​​​ ပြောပါတယ်။

စလင်းမြို့နယ်က ကံပြားရဲစခန်းနဲ့ လင်းဇင်းရဲစခန်းတွေကနေ ဇွန် ၁၂ ရက်ကစလို့ နေ့စဉ်နီးပါး စစ်ကောင်စီစစ်ကြောင်းတွေထွက်နေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် ကာကွယ်ရေးအဖွဲ့တွေနဲ့ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတော့ စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိနေတာပါ။

စစ်​ကောင်စီစစ်ကြောင်းတွေဟာ အဲဒီလမ်းပိုင်းတွေကို အသုံးပြုနေတာကြောင့် မိုးရွာတဲ့အချိန်ကလွဲပြီး မော်တော်ယာဉ်တွေကို မှန်ပိတ်တာ၊ အမိုးအကာအုပ်တာတွေမပြုလုပ်ဖို့ တားမြစ်ထားတာပါ။

ဒါ့အပြင် ပုသိမ် – မုံရွာလမ်းပိုင်းနဲ့ ကံပြား – စေရာလမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေရှိနေစဉ်အတွင်း အသုံးမပြုကြဖို့နဲ့ ထိခိုက်မှုရှိခဲ့ရင် တာဝန်မယူဘူးလို့ ထုတ်ပြန်ထားတာပါ။

စလင်းမြို့နယ်မှာ ဧပြီလကစပြီး စစ်ကောင်စီနဲ့ မကြာခဏထိတွေ့မှုတွေဖြစ်ပွားနေရာ များပြားလာပြီး မေလကစလို့တိုက်ပွဲတွေပြင်းထန်ကာ စစ်ကောင်စီဘက်က ၂၀ ထက်မနည်း သေဆုံးထားပါတယ်။

စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ ထိတွေ့မှု တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ကျေးရွာ ၆ ရွာဝန်းကျင်ရှိပြီး အမြဲတမ်းစစ်ရှောင်နေရတဲ့ ကျေးရွာ သုံးရွာအထိရှိနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က မေလအတွင်းမှာ စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် စလင်းမြို့နယ် ကုန်းခြားရွာက အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။

စလင်းမြို့နယ်အတွင်းက စစ်ကောင်စီစစ်ကြောင်းတွေမှာ စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၃၊၂၅၄၊၂၅၅၊ ပွင့်ဖြူ ဝါတပ်၊ပွင့်ဖြူဒေသက ပျူစောထီးတွေ စေတုတ္တရာ ကပစ ၂၀၊ ကံပြားနဲ့ လင်းဇင်းက ရဲတွေပူးပေါင်းလှုပ်ရှားနေတာလည်းဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
Photo – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(စလင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.