တိုက်ပွဲကြားမှာတော့ မိုးတွင်းဆိုရင် ခက်ခဲတယ်ဆိုပေမယ့်လည်း ကျနော်တို့ ရန်သူကိုဘယ်တော့မှအချိန်မပေးဘူး။ ကျနော်တို့ဘက်ကနေလည်း ဘယ်တော့မှ နောက်ဆုတ်သွားမှာမဟုတ်ဘူး

– ဒေါနစစ်ကြောင်းမှူး စောဒါးကို

လက်ရှိ ဒေါနစစ်ကြောင်းအပါအဝင် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတို့ ထိန်းချုပ်ထားတဲ့ ရေး-ထားဝယ်လမ်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်ဖို့ ကြိုးစားလာပါတယ်။ အခုလိုမိုးတွင်းကာလမျိုးမှာ စစ်ကောင်စီက အဲဒီလမ်းပိုင်းကို ဘယ်လိုမျိုး ထိန်းချုပ်ဖို့ကြိုးစားနေတာလဲ။ အဲဒီလိုစစ်ကောင်စီရဲ့ စစ်ရေးဖော်ဆောင်မှုကို ဒေါနစစ်ကြောင်းအပါအဝင် ပူးပေါင်းတပ်တွေဘက်က ဘယ်လိုတုံ့ပြန်ဆောင်ရွက်ဖို့ ရှိမလဲ။

အခုအချိန်က မိုးရာသီဖြစ်နေတော့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတဲ့နေရာမှာ ဘာအခက်အခဲတွေ တွေ့ရလဲ။ ရေး-ထားဝယ်လမ်းပိုင်းကို မဖြစ်မနေအသုံးပြုရတဲ့ ဒေသခံပြည်သူလူထုကို ဘာတွေပန်ကြားချင်လဲဆိုတာသိရဖို့ သံလွင်တိုင်းမ်က ဒေါနစစ်ကြောင်းမှူး စောဒါးကို ကိုမေးမြန်းကြည့်ထားပါတယ်။

မေး – စစ်ကောင်စီဘက်က ဘယ်လိုပုံစံမျိုးနဲ့ အဲဒီလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလဲ။

ဖြေ – မင်္ဂလာပါခင်ဗျာ။ အဓိကကတော့ စစ်ကောင်စီဘက်က စစ်ကြောင်း ၄ ကြောင်းထိုးပြီးတော့ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးအပိုင်းရယ်ပေါ့နော်။ အဲဒီတောက်လျှောက် ကလိန်အောင်အထိ သူတို့ကြိုးစားတာပေါ့။ စုစုပေါင်း ကျနော်တို့သိရသလောက် သူတို့(စစ်ကောင်စီ) ရဲ့ ပူးပေါင်းအင်အားက ၃၅၀ နဲ့ ၄၀၀ ကြားမှာရှိတာပေါ့နော်။

လာပိတ်ပြီးထိုးတဲ့ ပုံစံမျိုး ကြိုးစားတာပေါ့။ ဆိုလိုတာကတော့ ကျနော်တို့ ဒီလမ်းပိုင်းကို စိုးမိုးထားတာဆိုတာကတော့ ၃ လပိုင်းကတည်းက ကျနော်တို့စိုးမိုးထားခြင်းဖြစ်တယ် ခင်ဗျ။

မေး – အဲဒီလို စစ်ကောင်စီက အရပ်သားအသွင်ယူပြီး စစ်အင်အားဖြည့်တင်းတာ လုပ်လာတဲ့အတွက် နှစ်ဘက် ထိတွေ့တိုက်ပွဲတွေ လတ်တလောဖြစ်ခဲ့သေးလား၊ တိုက်ပွဲဖြစ်စဉ် ပြောပြပေးလို့ရနိုင်မလား၊ အဲဒီတိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုက ဘယ်လိုရှိလဲ။

ဖြေ – အဓိကကတော့ စစ်ကောင်စီက အင်အားဖြည့်တင်းတဲ့နေရာမှာ အရပ်သားအသွင်ယူ ဖြည့်တင်းတာရှိသလို အဓိကစစ်ကူတပ်ကူပို့နေတဲ့နေရာမှာလည်းပဲ လမ်းကိုအသုံးပြုပြီးတော့ မော်လမြိုင် ရတခဘက်ကို အင်အားသွားဖြည့်တဲ့ဟာလည်း ရှိတယ်။ အရပ်သား ကားတွေသုံးတယ်။ အရပ်သားအသွင်ဆောင်ပြီး သွားတဲ့ဟာတွေ တွေ့တာပေါ့။

အဲဒီလို လာပြီးထိုးတဲ့နေရာမှာ ကျနော်တို့ ထိတွေ့တိုက်ပွဲကတော့ဖြစ်တယ်။ တစ်နာရီကျော်ကျော်လောက် ကြာတာပေါ့နော်။ အဲဒီမှာ သူတို့ဘက်ကနေပြီးတော့ ထိခိုက်ကျဆုံးတာကတော့ အရာရှိအပါအဝင် ၆ ဦးသေဆုံးတာပေါ့နော်။ ကျန်တာကတော့ ၅ ဦး ၆ ဦးလောက်တော့ ဒဏ်ရာရတာပေါ့နော်။ အဲဒီက တစ်ပွဲဖြစ်တယ်။ ဒုတိယပွဲမှာကျတော့ ကျနော်တို့ ဒရုန်းနဲ့ဖြစ်တယ်ပေါ့နော်။ ဒရုန်းနဲ့လည်းပဲ ထိခိုက်ဒဏ်ရာရတာ အများအပြား ရှိတယ်ပေါ့နော်။

ကျနော်တို့ မြေပြင်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပေါ့။ကျနော်တို့ပူးပေါင်းမဟာမိတ်တပ်ဘက်ကတော့ တစ်ယောက်မှထိခိုက်ဒဏ်ရာရတာမရှိပါဘူးခင်ဗျ။ ဟုတ်ကဲ့ပါ။

မေး – နောက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေ ရေး-ထားဝယ် လမ်းပိုင်းတလျှောက်ဖြန့်ကျက်ထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေက စစ်ရေးအရှိန်အဟုန်မြှင့်တင်ပြီး စစ်ကောင်စီကို အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်ဖို့ စီစဉ်ပြီးဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားတာ တွေ့ရတယ်။

ဖြေ – ဟုတ်တယ်။ ကျနော်တို့ဘက်ကတော့ မဟာမိတ်ပူးပေါင်းတပ်တွေအကုန် စုပေါင်းပြီးတော့ ဒီလမ်းကိုပြန်ပြီးထိန်းချုပ်ပြီး ပြန်လုပ်ဖို့အတွက် အားလုံးပြင်ဆင်ပြီးသားဖြစ်တာပေါ့။ ဒါကတော့ ကျနော်တို့ဘက်က စစ်ရေးအခြေအနေတိုးမြှင့်ပြီးတော့ တိုက်ခိုက်ချေမှုန်းသွားဖို့ ရှိတယ်ဆိုတဲ့အကြောင်းကို ကျနော်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းကထုတ်ပြန်တဲ့ ပြည်သူလူထုကို အသိပေးတာပေါ့နော်။

ခရီးသွားပြည်သူတွေအားလုံးကို အသိပေးတာကတော့ မလိုအပ်ရင် ခရီးမသွားဖို့နဲ့။ သွားလာတဲ့နေရာမှာလည်းပဲ ဂရုစိုက်သွားလာဖို့ပေါ့နော်။ ဆိုလိုတာကတော့ အဓိကပြောချင်တာကတော့ နေ့ပိုင်းကတော့ ပြဿနာမရှိပါဘူး။ ယခင်က ထုတ်ပြန်ထားတဲ့အတိုင်း ည ၆ နာရီကနေ မနက် ၆ နာရီအထိကို အရေးပေါ်ကားပေါ့နော်။

အရေးပေါ်ကားမှအပ ကျန်တဲ့ဟာတွေ သွားခွင့် ကျနော်တို့ မပေးထားပါဘူး။ အရေးပေါ်ကား ဆိုရင်တောင်မှ မီးစုံဖွင့် မှန်ချပြီး မောင်းပေးဖို့ကို ကျနော်တို့ဘက်က မေတ္တာရပ်ခံထားတာတော့ ရှိပါတယ်ခင်ဗျ။ ဒါအရေးပေါ်မဖြစ်မနေ သွားရမယ့်အပိုင်းပေါ့။ ကျန်တဲ့ လုပ်ငန်းဆောင်တာပေါ့နော်။

ကုန်ကားတွေ ခရီးသွားကားတွေကကျတော့ နေ့ပိုင်း သွားတာလာတာကတော့ ရပါတယ်။ ကျနော်တို့ဘက်ကတော့ မသင်္ကာဖြစ်မှ စစ်ဆေး စိစစ်တဲ့အပိုင်းကို သွားမှာပေါ့နော်။ ကျန်တဲ့ဟာကတော့ အားလုံးကို ပိတ်ဆို့ပြီး လုံးဝမလာခိုင်းတဲ့အခြေအနေမျိုးကတော့ လုံးဝကို မဟုတ်ပါဘူး။ ပြည်သူလူထုက အဓိကပေါ့နော်။

နေရေး ထိုင်ရေး စားရေး သောက်ရေး ခရီးသွားလာရေး အဆင်ပြေအောင် ကျနော်တို့ဘက်ကလည်းပဲ ဒါကျနော်ဘက်က ပူးပေါင်းအဖွဲ့တွေနဲ့တိုင်ပင်ပြီးတော့ စိစစ်ဆောင်ရွက်ထားတဲ့ အပိုင်းလည်းရှိပါတယ်ခင်ဗျ။ ဟုတ်ကဲ့ပါ။

မေး – လက်ရှိကာလက မိုးရာသီဆိုပေမယ့် ရေး-ထားဝယ်လမ်းပိုင်းမှာ နှစ်ဘက်တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ခြေရှိတဲ့ သဘောများလား။

ဖြေ – ကျနော်တို့ဘက်က မိုးတွင်းကာလဆိုပေမယ့် ကျနော်တို့ တော်လှန်ရေးအရှိန်ကို လုံးဝမနားဘူး။ တောက်လျှောက် ကျနော်တို့က တိုက်ပွဲဖော်ဆောင်သွားမှာပေါ့နော်။ ကျနော်တို့ တောက်လျှောက်လုပ်သွားဖို့အစီအစဉ်တွေလည်း ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။

ကျနော်တို့ တိုက်ပွဲကြားမှာတော့ မိုးတွင်းဆိုရင် ခက်ခဲတယ်ဆိုပေမယ့်လည်း ကျနော်တို့ ရန်သူကိုဘယ်တော့မှအချိန်မပေးဘူး။ ကျနော်တို့ဘက်ကနေလည်း ဘယ်တော့မှ နောက်ဆုတ်သွားမှာမဟုတ်ဘူး။ ဒါကတော့ ဒီဘက်ကနေ ခိုင်ခိုင်မာမာနဲ့ တိုက်ခိုက်သွားမှာပါ။

နောက်တစ်ခုပြောချင်တာကတော့ စစ်ကောင်စီ ဒီ မင်းအောင်လှိုင်ရဲ့ တပ်ဟာပေါ့နော်။ တဖြည်းဖြည်း ယိုယွင်းပြီးတော့ စိတ်ဓာတ်ပိုင်းကျဆင်းတာရှိသလို။ ထိတွေ့တိုက်ပွဲဖြစ်လာတဲ့အခါမှာ ထွက်ပြေးတာတို့ ပရမ်းပတာဖြစ်တာတို့လည်း အများကြီးတွေ့ရတာပေါ့နော်။ စိတ်ဓာတ်အင်အား လုံးဝမရှိတော့ဘူး။ တိုက်ပွဲဝင်ချင်တဲ့စိတ်ဓာတ်လည်း တပ်သားတွေဆီမှာ မရှိဘူးဆိုတာကိုလည်း မြင်လာရတာပေါ့နော်။

ဆိုလိုတာကတော့ ကျဆုံးခါနီးဖြစ်နေတဲ့ မင်းအောင်လှိုင်တပ်ကိုလည်းပဲ ဒါကတော့ လက်ရှိတိုက်နေတဲ့ အားလုံးသော စစ်ကောင်စီ တပ်သားတွေအနေနဲ့လည်းပဲ အချိန်မီ ကျနော်တို့ဆီကို အလင်းဝင်ဖို့ပေါ့နော်။ လက်နက်ချဖို့ ကျနော်တို့ ပန်ကြားထားတာရှိပါတယ်။ ထပ်မံပြီးလည်း ကျနော်တို့ ပန်ကြားပါတယ်။ ကျနော်တို့ တော်လှန်ရေး တပ်တွေဆီကို မိမိတို့ရောက်ရှိတဲ့နေရာမှာ ကျနော်တို့ဘက်အလင်းဝင်လာဖို့ပေါ့နော်။

ကျနော်တို့ဘက်က မေတ္တာရပ်ခံထားတာရှိသလို အခုလည်းပဲ ကျနော်တို့ ဆိုရှယ်မီဒီယာပေါ်မှာ ထပ်မံပြီးတော့ မေတ္တာရပ်ခံထားတာပေါ့နော်။ ကျနော်တို့ဆီကို နီးစပ်တဲ့နေရာမှာ အလင်းဝင်လာဖို့ပေါ့နော်။ အဲဒါတော့ မေတ္တာရပ်ခံထားပါတယ်။

မေး – အထက်ပါအချက်တွေကြောင့် ဒေသခံတွေ ထိခိုက်မှုမရှိစေဖို့ ပြည်သူ့အကျိုးကိုရှေးရှုပြီး ရေး-ထားဝယ်လမ်းပိုင်းကို မလိုအပ်ဘဲ လုံးဝ အသုံးမပြုကြဖို့ အထူးပန်ကြားထားတာဆိုတော့ တစ်ဘက်က ကုန်စည်စီးဆင်းမှုအပေါ် ဘယ်လိုမျိုး စဉ်းစားထားတာ ရှိနေမလဲ။(အဓိက ဆေးဝါး၊စားနပ်ရိက္ခာ၊စက်သုံးဆီ)

ဖြေ – ဟုတ်ကဲ့။ ကျနော်တို့ ရှေ့မှာဖြေကြားသလို ပြည်သူလူထုရဲ့ စားဝတ်နေရေး ခရီးသွားလာရေးအတွက်ကို ရှေးရှုပြီးတော့ ကျနော်တို့အပိုင်းကနေပြီးတော့ ပြည်သူလူထုသွားလာတဲ့နေရာမှာကျတော့ ကျနော်တို့ဘက်က တိုက်ပွဲဖော်ဆောင်တဲ့အပိုင်းကို သတိထားဆောင်ရွက်နေတာလည်း ရှိပါတယ်။ ကျနော်တို့ဘက်ကနေ တော်တော့်ကို သတိထားဆောင်ရွက်နေတဲ့ဟာ ရှိပါတယ်။

ပြီးခဲ့တဲ့ ကျနော်တို့ ထိတွေ့တိုက်ပွဲဖြစ်တဲ့အချိန်တုန်းကလည်းပဲ စစ်ကောင်စီက မောရဝတီရေတပ်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ပြည်သူတွေ နေတဲ့ ရွာထဲကို ပစ်ထည့်တာပေါ့နော်။ အဲဒီမှာ ပြည်သူရဲ့ မိသားစုတစ်ခုလုံးပေါ့နော်။ ကလေးနှစ်ဦးအပါအဝင် လသားကလေးရယ်။ ၁၂ နှစ်သားကလေးရယ်။ လင်မယားနှစ်ဦးအပါအဝင် ဒေသခံပြည်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရတာပေါ့နော်။ မိသားစု တစ်စုလုံးကတော့ ကျဆုံးသွားတာပေါ့နော်။

ဆိုလိုတာကတော့ ဒီလိုပဲလေ မည်းမည်းမြင်ရင် ပရမ်းပတာပစ်ခတ်နေတဲ့ ဒီကောင်တွေနဲ့ ကျနော်တို့ လုပ်ရတာဆိုတော့ တချို့ကိစ္စတွေမှာ တော်တော်လေးကို ပြည်သူလူထုထိခိုက်မှုမရှိအောင် စစ်ရေးဖော်ဆောင်တဲ့ဟာကို ခက်ခက်ခဲခဲ ဖြတ်ကျော်နေရတဲ့အပိုင်းလည်းရှိပါတယ်ခင်ဗျ။ ကျနော်တို့ကတော့ အထက်ပါ ထုတ်ပြန်ထားတဲ့အခြေအနေမှာလည်းပဲ အကောင်းဆုံးဖြစ်အောင်ပေါ့နော်။

ကျနော်တို့ဘက်ကနေလုံးဝ မဖြစ်မနေ သွားရမယ်ဆိုရင်တော့ သွားလာဖို့။ သွားလာတဲ့နေရာမှာလည်းပဲ ကျနော်တို့ စစ်ဆေးတဲ့နေရာမှာ အသာတကြည် စစ်ဆေးခံဖို့နဲ့။ ယာဉ်မောင်းတဲ့အချိန်ကျရင်လည်း မှန်တွေချပြီးတော့ မောင်းပေးဖို့။ ထပ်မံမေတ္တာရပ်ခံလိုတဲ့အကြောင်းကို ဒီကနေ ထပ်ပြီးတော့ ပြောချင်ပါတယ်။ ခရီးသွားပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီးတော့ အကုန်လုံး အဆင်ပြေချောမွေ့ပါစေလို့ ကျနော့်အနေနဲ့ဆုမွန်ကောင်းတောင်းပါတယ်။

မေး – ရေး-ထားဝယ်လမ်းပိုင်းကို လူမှုရေး၊စီးပွားရေး၊ကျန်းမာရေး၊ကုန်စည်ပို့ဆောင်ရေး စတဲ့အကြောင်းအရာအမျိုးမျိုးတွေမှာ အသုံးပြုနေကြရတဲ့ ပြည်သူတွေကို ဘာများ သတိပေးတိုက်တွန်းချင်တာ ရှိဦးမလဲ။ ဘာများဖြည့်ချင်တာ ရှိမလဲ။

ဖြေ – ကျနော်တို့ ဒီဘက်ကတော့ ခရီးသွားပြည်သူတွေအားလုံးကို အန္တရာယ်ကင်းကင်းနဲ့ ဘေးရှင်းပြီးတော့ သွားနိုင်ဖို့အတွက်ကို ကျနော်တို့ဘက်ကလည်းပဲ အကောင်းဆုံးဆောင်ရွက်မှာပေါ့နော်။ အဲဒီတော့ မိဘပြည်သူများက သွားလာတဲ့နေရာမှာလည်းပဲ စစ်ရေးသတင်းကို နားထောင်ပြီး သတင်းကို အစဉ်မပြတ်ပေါ့နော်။ တိုက်ပွဲဖြစ်နေတဲ့ ကြားထဲကို တန်းဝင်လာတာမျိုးမဟုတ်ဘဲပေါ့နော်။

တိုက်ပွဲရှိနေပြီဆိုတာနဲ့ မိမိရောက်ရှိတဲ့နေရာမှာလေးမှာ ရပ်တန့်ပေးဖို့ ခေတ္တစောင့်ဆိုင်းပေးဖို့ ဒါလေးတွေကို မေတ္တာရပ်ခံချင်ပါတယ်။ တချို့ပြည်သူတွေက ကြောက်လန့်ပြီးတော့ နှစ်ဘက်ပစ်ခတ်နေတဲ့နေရာ တည့်တည့်ကို တိုးဝင်လာတဲ့ဟာမျိုးကိုလည်း ကျနော်တို့ ကြုံတွေ့ခဲ့ရတာမျိုးရှိပါတယ်။

ဆိုတော့ ဘာပဲပြောပြော တိုက်ပွဲဖြစ်တဲ့နေရာမှာ အသံကြားတာနဲ့ မိမိတို့ရောက်ရှိတဲ့နေရာမှာ ခေတ္တရပ်ပြီးတော့ အဓိကကတော့ လက်နက်ကြီး၊ မစ်ဇိုင်း၊ လေယာဉ်ဗုံးကြဲတာတွေကနေ ကာကွယ်မှုရအောင် မိမိတို့ရောက်ရှိတဲ့နေရာမှာ နည်းနည်းလေး ခိုလို့နေလို့ရတဲ့နေရာလေး။

ဖြစ်နိုင်မယ်ဆိုရင် ရေမြောင်းလိုမျိုး၊ ကျင်းလိုမျိုး၊ ချိုင့်လိုမျိုး အဲဒီနေရာမှာ ခိုပြီးခေတ္တစောင့်ဆိုင်းပေးဖို့ ဒါလေးတွေကိုမေတ္တာရပ်ခံပါတယ်။ ဟုတ်ကဲ့ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

သံလွင်တိုင်းမ်

ဓာတ်ပုံ – Daw Na Column

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.