ရေး ၊ ဇွန် ၁၁

ရေး-ထားဝယ်လမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အဲဒီလမ်းပိုင်းကို အသုံးမပြုဖို့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်လာရာမှာ အရပ် သားပြည်သူတွေကို အသုံးပြုတာ၊ အရပ်သားအသွင်ယူပြီး စစ်အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတာလို့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေ အကြောင်းမဲ့ ထိခိုက်ဒဏ်ရာရတာတွေ မရှိအောင် ရေး-ထားဝယ်လမ်းပိုင်းကို ယာယီပိတ်ဆို့လိုက်ရတာလို့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှာပါဝင်နေတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့က (စကစ) ရေလမ်းကြောင်းနဲ့ပဲ အသုံးပြုလာခဲ့တဲ့အပေါ် အခုဆို မိုးရာသီရောက်လာတဲ့အ တွက် ရေလမ်းကသွားရတာ သူတို့အတွက် အဆင်မပြေဘူး။ အဲဒါကြောင့် ဒီလမ်းကို ပြန်လည်ထိန်းချုပ်ရရှိရေး ထိုးစစ်ဆင်မှုတွေ ရှိလာတယ်။ သူတို့က စစ်ကျင့်ဝတ်တွေကို ချိုးဖောက်ပြီးတော့ ဒါသူတို့ အမြဲတမ်းလုပ်နေကျပါ။ အရပ်သားအယောင်ဆောင်ပြီး အရပ်ဝတ်အရပ်စားနဲ့ ပြည်သူတွေရဲ့ အရပ်ကားကိုသုံးပြီး လှုပ်ရှားနေတာရှိတဲ့အတွက်ကြောင့် မှားယွင်းပြီးပစ်ခတ်မှုတွေ ပြည်သူတွေအကြောင်းမဲ့ ထိခိုက်ဒဏ်ရာရမှုမရှိအောင် ကျွန်တော်တို့အခုလို ယာယီပိတ်ဆို့လိုက်ရတာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်နဲ့ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ဘက်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ဒီကနေ့အထိအပြည့် အဝထိန်းချုပ်ထားနိုင်ခဲ့တာပါ။

စစ်ကောင်စီအနေနဲ့ ရေး-ထားဝယ်လမ်းကြောင်းကို လက်လွှတ်ခဲ့ရတဲ့အပေါ် စစ်ဆင်ရေးနဲ့ သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲရှိသွားခဲ့တဲ့အတွက် အဲဒီလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဇွန် ၈ ရက်နေ့ကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်လို့ နိုင်နဂါးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကလိန်အောင်ဘက်ကနေ မှန်လုံကားတွေ အရပ်သားကားတွေ ကျောက်သယ်ကားကြီးတွေနဲ့ အင်အားထပ်ဖြည့်လာတာရှိတဲ့အတွက် ရေး-ထားဝယ်ဒေသတဝိုက်မှာ အချိန်နေရာမရွေး တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားလာနိုင်လို့ ဆိုပါတယ်။

တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ရေး-ထားဝယ်လမ်းပိုင်းမှာ ဖြန့်ကျက်ထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေက စစ်ရေးအရှိန်အဟုန်မြှင့်တင်ပြီး စစ်ကောင်စီကို အပြင်းအထန် တန်ပြန်ထိုး စစ်ဆင်ဖို့ စီစဉ်ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့ထိခိုက်မှု မရှိစေဖို့နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က စစ် ဆင်ရေးဖော်ဆောင်မှု လွယ်ကူစေဖို့ ဇွန် ၉ ရက်နေ့ကစပြီး ထုတ်ပြန်ချက်တစ်စုံတစ်ရာ မလုပ်မချင်း ရေး-ထားဝယ်လမ်းပိုင်းကို အရေးတကြီး မလိုအပ်ရင် လုံးဝအသုံးမပြုဖို့ ပြည်သူတွေကို အ ထူးပန်ကြားခဲ့တာပါ။

ပြည်သူ့အကျိုးကိုရှေးရှုပြီး ပြည်သူတွေ တစုံတရာထိခိုက်မှုမရှိစေဖို့ သတိပေးထုတ်ပြန်ချက်ကို အ ထူးလိုက်နာဖို့နဲ့ လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တွေက လုံးဝတာဝန်ယူမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-File Photo (Social Media)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.